Skip to main content

ဆန်စပါးဈေးကွက် တည်ငြိမ်မှုရှိရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၁၈

COVID-19 ရောဂါကြောင့် ဆန်ဈေးမြင့်တက်မှုမရှိစေရေးနှင့် ဆန်ဈေးတည်ငြိမ်မှုရှိစေရေး အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌထံမှ သိရသည်။

“COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်စီမံဆောင်ရွက်ထားသင့်တဲ့ အစီအစဉ်တွေကို ဆောင်ရွက်ရာမှာ အသင်းချုပ်အနေနဲ့ ဦးစားပေးဆောင်ရွက်နေတာကတော့ ပြည်တွင်းစားသုံး ဆန်ဈေးနှုန်းတည်ငြိမ်ဖို့၊ ဖူလုံမှုရှိစေဖို့နဲ့ ဈေးနှုန်းတွေ အဆမတန် မမြင့်တက်စေဖို့အတွက် ဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လတ်တလောတွင် ပြည်တွင်း ဆန်စပါး စျေးကွက်တည်ငြိမ်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြစ်သည့် ဆန်စပါးကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ဖြန့်ဖြူးရောင်းချသူများ၊ ကုန်စည်ဒိုင် များ၊ ဆန်ပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်အခြေအနေ တည်ငြိမ်စေရန်နှင့် ဖူလုံမှုရှိစေရန် ဦးစားပေးညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း မတ်လ ၁၃ ရက်က ထုတ်ပြန်ထားသည်။

“မကြာခင် နွေစပါးပေါ်ထွက်လာမှာဖြစ်တဲ့အတွက် ဆန်စပါးဈေး တည်ငြိမ်ဖို့ အစိုးရ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ UMFCCI ဆန်စပါးအသင်းအပါအဝင် အခြားအသင်းအဖွဲ့တွေ၊ ကုန်စည်ဒိုင်တွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေပါတယ်။ COVID-19 ရောဂါရဲ့ သက်ရောက်မှု ဖြစ်ပေါ်ချိန်မှာ ပြည်ပတင်ပို့မှုတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပေါ်နေသည့် Coronavirus (COVID-19) ရောဂါအား ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ် မတ် ၁၁ ရက် က သတ်မှတ်ကြေညာခဲ့ပြီးနောက် ပြည်သူအချို့အနေဖြင့် စိုးရိမ်ပူပန်ကာ ဆန်အပါအဝင် စားနပ်ရိက္ခာ အသုံးအဆောင်များ ဝယ်ယူစုဆောင်းမှုများကို ပြုလုပ်လျက်ရှိသည်။

“ပြည်တွင်းဆန်လုံလောက်မှုရှိတာဖြစ်တဲ့အတွက် စားသုံးသူ ပြည်သူတွေအနေနဲ့ စိုးရိမ် ပူပန်မှု မဖြစ်စေဖို့နဲ့ အများအပြားဝယ်ယူသိုလှောင်တာမျိုး မပြုလုပ်ဖို့အတွက် မေတ္တာရပ်ခံလိုပါ တယ်။ ဆန်လုပ်ငန်းရှင်တွေ၊ ဆန်ဆိုင်တွေအနေနဲ့လည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချ ပေးနေပါတယ်။ ပြည်တွင်းဆန်စပါးဈေးကွက် အခြေအနေကို အသင်းချုပ်အနေနဲ့ အမှန်ကန် ဆုံး၊ အတိကျဆုံး သုံးသပ်ထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။

ပြည်သူများအနေဖြင့် ဆန်စပါးနှင့်ပတ်သက်၍ ဆက်သွယ်လိုပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဖုန်း ၀၁-၂၃၀၁၁၂၈~၂၉၊ ၀၁-၂၁၈၂၆၆~၆၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

ကေတာ