Skip to main content

ကလေးအလုပ်သမားပြဿနာ ဆင်းရဲနွမ်းပါးမှုသံသရာ

ပညာသင်ကြားရမည့်အရွယ် ကလေးများ စာသင်ခန်းတွင်မရှိဘဲ မိသားစု၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ကလေးအလုပ်သမားများအဖြစ် လုပ်ငန်းခွင် ဝင်နေကြရခြင်းမှာ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တွေ့ရှိရသော ပြဿနာတစ်ခုဖြစ်သည်။ အထူးသဖြင့် ဆင်းရဲသည့်နိုင်ငံများတွင် ကလေးအလုပ်သမားဦးရေ အများအပြားရှိနေကြရာ ၂၀၁၇ ခုနှစ် စာရင်းများအရ ဆာဟာရအောက်ပိုင်း အာဖရိကဒေသတွင် ကလေးသူငယ်များ၏ ၂၉ ရာခိုင်နှုန်း အလုပ်လုပ်နေကြပြီး အာဖရိကနိုင်ငံ အချို့တွင် အသက်ငါးနှစ်မှ ၁၄ နှစ်အရွယ် ကလေး ၅၀ ရာခိုင်နှုန်း အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ် နိုင်ငံတကာ စစ်တမ်းတစ်ခုအရ နိုင်ငံပေါင်း ၇၆ နိုင်ငံတွင် ကလေးအလုပ်သမား ပြဿနာ ကြီးမားလျက်ရှိပြီး အန္တရာယ်အကြီးဆုံး ၁၀ နိုင်ငံ စာရင်းထဲတွင် မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။ ကလေးများ အရွယ်မတိုင်မီ အလုပ်သမားဘဝသို့ ရောက်ရှိရခြင်းမှာ မိသားစုဆင်းရဲနွမ်းပါးခြင်းကြောင့် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး ကဲ့သို့သော မိသားစုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရခြင်း သို့မဟုတ် မိသားစု ဝင်ငွေအတွက် ပြင်ပသို့ထွက်၍ အလုပ်လုပ်ရခြင်း၊ ကျောင်းတက်ရောက်ရန် လွန်စွာ အလှမ်းကွာဝေးနေခြင်း၊ ကလေးများ ပညာသင်ကြားမှုကို မိဘအုပ်ထိန်းသူများက အားမပေးလိုခြင်းကဲ့သို့သော အကြောင်းရင်းခံများမှာ ကလေးအလုပ်သမားများ ဖြစ်လာရသည့် အဓိကအကြောင်းများ ဖြစ်နေသည်။

ကလေးအလုပ်သမားများပြားခြင်းမှာ နိုင်ငံအတွက် မကောင်းသော လက္ခဏာပင်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်နိုင်ရန် ကလေးသူငယ်များနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို မလွဲမသွေ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးရန် လိုအပ်သည်။ ကျောင်းပညာ တစ်ပိုင်းတစ်စသေစာရှင်စာမျှနှင့် အလုပ်ခွင်ဝင်သွားသူများမှာ ကလေးသူငယ်များ၏ လုပ်အားကို ဈေးပေါပေါနှင့် ရယူသည့် အလုပ်သမားဈေးကွက်သို့ အများစု ရောက်ရှိသွားကြပြီး ရေရှည်တွင် ကလေးအလုပ်သမားများ ကိုယ်တိုင်မှာလည်း ၎င်းတို့၏ မိဘများနှင့် မူလမိသားစုများနည်းတူပင် ဆင်းရဲနွမ်းပါးသည့် နောက်ထပ်မိသားစုကို ထပ်မံဖန်တီးကာ ဆင်းရဲမှုသံသရာစက်ဝန်းသို့ ကျရောက်သွားကြရပြန်သည်။ ကျောင်းပညာမတတ်ဘဲ အဆင့်နိမ့် အလုပ်ကြမ်းမျှသာ လုပ်ကိုင်နိုင်သည့် အောက်ခြေလူတန်းစား ကြီးမားကျယ်ပြန့်နေခြင်းသည် နိုင်ငံ၏ လူသားအရင်းအမြစ် အဟောသိကံ ဖြစ်သွားရုံမျှသာမက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်လာစေသည်။ အသိပညာ၊ အတတ်ပညာ လွန်စွာနိမ့်ကျနေပြီး ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူတန်းစား ကြီးမားကျယ်ပြန့်နေခြင်းမှာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖို့ဆိုလျှင် အန္တရာယ်တစ်ခုပင် ဖြစ်သည်။

ကလေးအလုပ်သမား ပြဿနာသည် ဆင်းရဲနွမ်းပါးခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးကို ရေရှည်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်ရာ ကျေးလက်ဒေသများ၌ စာသင်ကျောင်းများကို ကလေးများနှင့် လက်လှမ်းတစ်မီတွင် တည်ထောင်ပေးခြင်း၊ ကျောင်းပြင်ပပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာရေးတို့‌ ဆောင်ရွက်ပေးခြင်း၊ ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ မျက်ခြည်မပြတ် ထိရောက်စွာ ဆောင်ရွက်ပေးခြင်း၊ ကလေးများ၏ မိဘအုပ်ထိန်း သူများနှင့် အလုပ်ရှင်များကို အသိပညာပေးခြင်း၊ လိုအပ်သည့် ဥပဒေ နည်းဥပဒေများ ပြဋ္ဌာန်းပေးခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများသာမက လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာအသင်းအဖွဲ့များပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။    ။