Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၅/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖိတ်ခေါ်ဆောင်ရွက်နေမှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က ကျွန်တော် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူ ရနိုင်ဖို့အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတော့ အဲ့ဒီကြားထဲမှာပဲ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ထဲမှာရော၊ လက်မှတ်ထိုးပြီးသား အဖွဲ့ထဲမှာရော အစည်းအဝေးကို အကြောင်းအမျိုးမျိုးကြောင့် မတက်ဘူးလို့ သဘောထားထုတ်ပြန်ထားတဲ့ အဖွဲ့ရှိတယ်။ ဘာမှမပြောဘဲ ငြိမ်နေတဲ့အဖွဲ့လည်း ရှိတယ်။ အဲ့ဒီအဖွဲ့တွေထဲမှာလည်း တချို့ကလည်း လာချင်ကြတယ်။ တစ်ကယ် ဆွေးနွေးတဲ့ အခါကျတော့ သူတို့ထင်သလို၊ ထင်ထားသလိုမဟုတ်ဘူး။ မဟုတ်တဲ့အခါကျတော့ ဒါဆိုရင်တော့ သူတို့သွားပြီးတော့ ဆွေးနွေးလိုက်ရင် အကျိုးရှိမယ်ဆိုတဲ့ အမြင်မျိုးပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အချို့ကလည်း ရှေ့က ဆွေးနွေးသွားတဲ့ အဖွဲ့တွေကို အရိပ်အခြေ ကြည့်ပြီးတော့မှ။ ဘာမှမပြောဘဲနဲ့ ငြိမ်နေတဲ့ အဖွဲ့တွေပေါ့။ သူတို့ကလည်း ရှင်းရှင်း ပြောရရင်တော့ လာချင်တဲ့သဘောတော့ ရှိတယ်။ တစ်ဖွဲ့ဆိုရင် ကျွန်တော့်ကို ကြားထဲမှာ ဆက်သွယ်ပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ အချင်းချင်း တိုင်ပင်ပြီးတော့ တစ်နေ့ကပဲ ကြေညာချက်တစ်စောင် ထပ်ပြီး ထုတ်ပေးလိုက် ပါတယ်။ လာနိုင်အောင်လို့ပါ။ တစ်ကယ်တော့ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး ဖိတ်ခေါ်တယ်ဆိုတာ တိုင်းပြည်က ကျွန်တော်တို့ သွားနေတဲ့ နိုင်ငံရေး ရည်မှန်းချက် နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ကျင့်သုံးရေးပေါ့။ ဒုတိယကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး။ ဒါ နိုင်ငံရေး ရည်မှန်းချက်နှစ်ခု။ မျှော်မှန်းချက် နှစ်ခုပါ။ ဒီအပေါ်မှာ ကျွန်တော်တို့ တပ်မတော်က ခိုင်ခိုင်မာမာ ရပ်တည်ထားတဲ့ အတွက်ကြောင့် ဒီအပေါ်မှာ အခြေခံပြီးတော့ မည်သည့်သဘောထားကွဲလွဲတဲ့ အဖွဲ့အစည်းမဆို ဆွေးနွေးလို့ ရပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကတော့။ ပိုပြီးတော့၊ ကျွန်တော်တို့ လက်ရှိငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ။ ဒီသဘောထားကြောင့် ဖြစ်လာတဲ့ ကိစ္စတွေ ဖြစ်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ဒါတွေလည်း ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

နောက်တစ်ခါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပေါ့လေ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အုပ်ချုပ်ရေး နှစ်ခုပေါင်းစပ်ထားတဲ့ ပြည်ထောင်စုကို ကျွန်တော်တို့ သွားကြမယ်။ အဲ့ဒီတော့ ဒါကို ကျွန်တော်တို့ ဘယ်လို ဖြစ်သင့်လဲ။ အဲ့ဒီမှာလည်း ဒီမိုကရေစီမှာလည်း တူညီတဲ့ ဒီမိုကရေစီ အခွင့်အရေးပေးရမှာ။ ဥပဒေအရပဲ ကျွန်တော်တို့ ပေးကြရတာ။ ဆိုလိုတာကတော့။ တူညီတဲ့ ဒီမိုကရေစီအခွင့်အရေး ပေးထားတယ်။ ဒီလိုပဲ ဖက်ဒရယ်လို့ ပြောလို့ရှိရင်လည်း။ ဖက်ဒရယ် ဆိုတာလည်း မကြာခဏ ပြောသလိုပဲ။ ပြောရရင်တော့။ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တာကို မျှဝေခံစားပြီးတော့ ခွင့်ပြုပေးတာပေါ့။ ဘယ်အဆင့်ကတော့ ခရိုင်အဆင့်ဆိုရင် ဘယ်လိုလုပ်မယ်။ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်ဆို ဘယ်လိုလုပ်မယ်။ ဒါမှမဟုတ်လို့ ရှိရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆို ဘာလုပ်မလဲ။ ပြည်ထောင်စုဆို ဘာလုပ်မလဲ။ ကြွင်းကျန် အာဏာရပ်တွေဆို ပြည်ထောင်စုက ဘယ်လိုကျင့်သုံးမလဲ စသည်ဖြင့် ဒါတွေကို ကျွန်တော်တို့က ခွဲဝေ သတ်မှတ်ပေးတာ။ ဒါကို မျှအောင် လုပ်ပေးရတာပေါ့။ ဒါ ဖက်ဒရယ်စနစ်ပါပဲ။ အကြမ်းဖျဉ်း ပြောရလို့ရှိရင်။ ဒါပေမယ့် ဖက်ဒရယ်စနစ် ဆိုသော်လည်းပဲ။ ကမ္ဘာမှာရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံနဲ့ မတူကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်ကိုပဲ ကျွန်တော်တို့သွားမယ်။ အားလုံးကတော့ တူညီတဲ့ အခွင့်အရေးရရမယ်၊ ကျွန်တော် ဒီလိုခံယူပြီးတော့ ပြောခဲ့ရခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ထိန်းသိမ်းဆောင်ရွက်ခဲ့မှု

အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် မတ် ၃ ရက်မှ စတင်ဖြစ်ပေါ်ခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၁၁၀၀ ကျော်ရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများကို အရေးယူ ဆောင်ရွက်ခဲ့မှု အနေဖြင့် ဇွန် ၁၅ ရက်အထိ ဖြစ်စဉ်ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတို ၃၀၁ လက်၊ မောင်းပြန် လက်နက်မျိုးစုံ ၇၀၇ လက်၊ တူမီးသေနတ် ၆၇၂ လက်၊ လက်လုပ်သေနတ် ၁၈၇၀ လက်၊ လက်လုပ်စိန်ပြောင်း မျိုးစုံ ၆၅၃ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၄၂၀၃ လက်ရရှိခဲ့ကြောင်း၊ အဆိုပါ လက်နက်များမှ မောင်းပြန် လက်နက်အများစုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ထံမှ ဖြစ်သည်ကို တွေ့ရှိရပြီး အချို့လက်နက်များမှာ ပြည်ပနိုင်ငံများမှ တင်သွင်းထားခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နင်း ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများ ထိခိုက် ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများလည်း ရှိခဲ့သဖြင့် ထိုက်သင့်သည့် ခံစားခွင့်များရရှိရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း။

တရားဥပဒေ စိုးမိုးရေးအရ အကြမ်းဖက်သမားများနှင့် ဆက်စပ်လျက်ရှိသူများကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ မိမိတာဝန်ယူချိန် နောက်ပိုင်းတွင် ပြစ်ဒဏ် ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ် ပေးခဲ့ကြောင်း၊ သို့သော် အချို့သူများသည် အကြမ်းဖက်မှုနှင့် ဖောက်ခွဲ ဖျက်ဆီးမှုများတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်း၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် အချို့သော အကြမ်းဖက်လုပ်ရပ်များကို လွန်လွန်ကျူးကျူး ဆောင်ရွက်ခဲ့သူများအား ထိရောက်သော ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဆက်လက်၍လည်း ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မှု

စီးပွားရေးနှင့် ပတ်သက်၍ မိမိတာဝန်ယူချိန် ကာလအတွင်း ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ကုန်သွယ်ရေး လိုငွေများ ရှိခဲ့ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများတွင် မိမိတို့နိုင်ငံ၏ သဘောသဘာဝအရ အစိုးရမှပါဝင် ဆောင်ရွက်လျက်ရှိသည့် အခန်းကဏ္ဍများ၊ လုပ်ငန်းများ ရှိသကဲ့သို့ ပုဂ္ဂလိကမှ ဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများလည်း ရှိကြောင်း၊ အဆိုပါ ကာလများအတွင်း အစိုးရအနေဖြင့် ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ်သော်လည်း ပုဂ္ဂလိကအနေဖြင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ငွေကြေးများမှာ အစိုးရမှ ရရှိသည့် ငွေကြေးများနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ရရှိသည့် ငွေကြေးများဖြစ်သဖြင့် သတိထားဆောင်ရွက်ရန် လိုကြောင်း၊ ထို့ကြောင့် မိမိတာဝန်ယူ ဆောင်ရွက်ချိန်တွင် ကုန်သွယ်မှုနှင့် ပတ်သက်၍ အချို့သော မလိုအပ်သည့် ပစ္စည်းများ တင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်သည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းစေခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ မှစ၍ ၂၀၂၂ ခုနှစ်မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရန်အတွက် ချေးငွေများ ရှိနေသေးကြောင်း၊ နိုင်ငံအတွက် ဝင်ငွေများ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက ပို့ကုန်များ မြှင့်တင်ပေးနိုင်ရန်အတွက် ပုဂ္ဂလိကပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်လာစေရန် အားပေးကြောင်း၊ ပြည်တွင်း ထွက်ကုန်များကို ပြည်ပသို့ကုန်ကြမ်းများ တင်ပို့ခြင်းထက် ကုန်ချော တင်ပို့ခြင်းများကိုသာ ဆောင်ရွက်လျက် ရှိကြောင်း။

ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် ဆောင်ရွက်နေမှု

ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးအရ ဆူပူမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘဏ်လုပ်ငန်းများ တုန့်ဆိုင်းသွားခဲ့ကြောင်း၊ စိုးရိမ်ပူပန်မှုများကြောင့် အပ်ငွေများ ပြန်လည်ထုတ်ယူခြင်း၊ စီးပွားရေးအရ တိုက်ခိုက်ရန်အတွက် ဘဏ်များရှိ ပိုက်ဆံများ ကိုထုတ်ယူခြင်းနှင့် ငွေကြေး ထုတ်ယူခြင်းများကို သတ်မှတ် စည်းကမ်းများအတိုင်း ဆောင်ရွက်ခြင်း မပြုခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ဘဏ်များပြိုလဲမှု မရှိစေရေး ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ ယခု ဇန်နဝါရီလမှစ၍ ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေ နီးပါးပြန်လည် လည်ပတ်နိုင်ပြီဟု ဆိုနိုင်သော်လည်း အချို့သောဘဏ်များ ပြန်လည် ဖွင့်လှစ်ရန်အတွက် ဝန်ထမ်းအခက်အခဲ များကြောင့် ဖွင့်လှစ်နိုင်မှု အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ ဘဏ်လုပ်ငန်းများ ပုံမှန် ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။

ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိမှု

မိမိတို့အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရသည်မှာ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးပင် ဖြစ်ကြောင်း၊ ပညာ သင်ကြားနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် ပြန်လည် ပိတ်ထားခဲ့ရမှုများလည်း ရှိကြောင်း၊ ယခုနှစ် တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံသူများ တိုးတက်လာခဲ့ပြီး ယခုအချိန်အထိ ၆ ဒသမ ၇ သန်းခန့် ကျောင်းအပ်နှံပြီး ၆ ဒသမ ၃ သန်းခန့် ကျောင်းတက်ရောက်လျက် ရှိသဖြင့် ၉၄ ဒသမ ၁ ရာခိုင်နှုန်း တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း၊ အချို့သောမိဘများမှာ ပညာရေးအားပေးမှု အားနည်းသည်ကို တွေ့ရှိရကြောင်း၊ တန်းစဉ်း ပြောင်းမှုအနေဖြင့် ကျောင်းနေသူများ အနက် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားသူမှာ ၆၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး အလယ်တန်းပညာပြီးဆုံးသူမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးလျက် ရှိသည့် ဆရာ၊ ဆရာမများကို သက်ဆိုင်ရာ ဘွဲ့များအလိုက် ခံစားခွင့်များ ပေးလျက်ရှိသကဲ့သို့ ကျောင်းအုပ်ချုပ်ရေးတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်များအားလုံးကို လစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ်ခံစားခွင့် ပေးထားကြောင်း၊ အလားတူ အခြားတက္ကသိုလ် ကျောင်းများကိုလည်း ခံစားခွင့်များပေးထားကြောင်း၊ ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ယခင်နှစ်ထက် အရေအတွက် ပိုမိုများပြားစွာ ပညာသင်ကြားလျက်ရှိသဖြင့် နိုင်ငံအတွက် ကောင်းမွန်သည့် လက္ခဏာတစ်ခုပင် ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ဆေးများ ထိုးနှံပေးမှု

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ ယခုလအတွင်း ရောဂါတွေ့ရှိမှုမှာ ပျမ်းမျှအားဖြင့် ၀ ဒသမ ၁၄ ရာခိုင်နှုန်းသာ ရှိသည်ကိုတွေ့ရှိရကြောင်း၊ စတင်ဖြစ်ပွားချိန်မှ ယခုလ ၁၅ ရက်အထိ ကိုဗစ် - ၁၉ ရောဂါတွေ့ရှိမှုမှာ ၆၁၃၄၆၄ ဦး၊ သေဆုံးသူ ၁၉၄၃၄ ဦးဖြစ်ပြီး ယခုလအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမရှိကြောင်း၊ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ပိုးတွေ့မှု ရာခိုင်နှုန်းမှာ ပျမ်းမျှအားဖြင့် ၀ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကမ္ဘာပေါ်တွင် အချို့နိုင်ငံများ၌ ယနေ့အချိန်အထိ ဖြစ်ပွားလျက်ရှိပြီး လက်ရှိအချိန်အထိ ၅၉၂ သန်းခန့်နှင့် သေဆုံးမှုအနေ ဖြင့် ၆ သန်း ၃ သိန်း ကျော် ရှိပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကူးစက်မှုနှုန်း များစွာနည်းပါးပြီး ထိုသို့နည်းပါးရခြင်းမှာ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ အားကျိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုများကြောင့် ဖြစ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် အချို့သော ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကိုလိုက်နာရန် လိုအပ်နေသေးသည့်အတွက် အချို့စည်းကမ်းများကို ဆက်လက်ထားရှိခဲ့ကြောင်း၊ ကူးစက်မှုများ ထပ်မံကျဆင်းသွားပါက စည်းကမ်းချက်များကို ထပ်မံလျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်၍ ဝယ်ယူမှုနှင့် လှူဒါန်းမှုများမှ ကာကွယ်ဆေး စုစုပေါင်း ၇၈ ဒသမ ၂ သန်းရှိပြီး ထိုးနှံပြီးစီးမှု အနေဖြင့် ၆၄ သန်း ထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထိုးနှံရန်ကျန်ရှိသည့် ဒေသများတွင် ထပ်မံထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် တာဝန်ရှိသူများ အနေဖြင့်လည်း တွန်းအားပေး ဆောင်ရွက်ကြစေ လိုကြောင်း။

အားကစားကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှု

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ထိုက်တန်စွာဖြင့် ဆုများ ပေးအပ်ချီးမြှင့် ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ ဆုရရှိခဲ့သူများထဲမှ ရွှေတံဆိပ် ရရှိသူများအား မော်တော်ယာဉ်များ အထူးကိစ္စဖြင့် ဝယ်ယူခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ရရှိပါက မိမိတို့နိုင်ငံ၏ အလံကို အခြားနိုင်ငံအလံများ၏ အပေါ်မှလွှင့်တင်နိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်သဖြင့် ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်ခဲ့သူများကို ယခုကဲ့သို့ အထူးအခွင့် အလမ်းများ ပေးခြင်းဖြစ်ကြောင်း၊ နောင်လာမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိနိုင်ရေး၊ အားကစားသမားများ အနေဖြင့် အစွမ်းကုန်လေ့ကျင့်အားထုတ် ကြိုးပမ်းလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ် ဆောင်နိုင်ရေးအတွက် ကြိုးစားအားထုတ်မှုများ ဖြစ်ပေါ်စေရေးအတွက် မိမိတို့အနေဖြင့် အားကစားကဏ္ဍကို အားပေး ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်လျက် ရှိသည့်အပြင် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုလည်း နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါအားကစားပြိုင်ပွဲများမှ ထွက်ရှိလာသည့် စံချိန်ကောင်းမွန်သည့် အားကစားသမားများကို ရွေးချယ်၍ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှု

မိမိတို့နိုင်ငံတွင် အများဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းသည် အဓိကကျကြောင်း၊ အခြားလုပ်ငန်းများမှာ ရင်းနှီးမြှပ်နှံငွေ၊ လျှပ်စစ်ဓာတ်အားနှင့် လူသားအရင်းအမြစ်များ အပါအဝင် အခြားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ဧကပေါင်း ၃၃ သန်းခန့်ရှိပြီး သီးထပ်စိုက်ဧက ၁၁ ဒသမ ၇ သန်း၊ သီးညှပ်စိုက်ဧက ၃၄ သန်းကျော် ရှိသဖြင့် စုစုပေါင်း စိုက်ဧက ၄၈ သန်းကျော် ရှိကြောင်း၊ စိုက်ဧကများ အားလုံးတွင် သီးထပ်စိုက်ပျိုးမှုများဆောင်ရွက်နိုင်မည် ဆိုပါက စိုက်ပျိုးရေးထွက် ကုန်များ ပိုမို တိုးတက်လာမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း။

သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ ဖြစ်ကြပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်၍ ၎င်းတို့၏ လုပ်အားများကို အသုံးချနိုင်ရန် လိုကြောင်း၊ ရှိပြီးသား မြေများပေါ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကျိုးရှိရှိ ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မြေများ လုံလောက်စွာ ရှိကြောင်း၊ ရှိပြီးသား စိုက်ဧကများ တိုးချဲ့ခြင်းထက်အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ပါက နိုင်ငံအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည်တို့သည် အဓိကကျကြောင်း၊ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန အနေဖြင့် မျိုးကောင်းမျိုးသန့်များရရှိအောင် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ဆက်လက် သုတေသန ပြုလုပ်ရန်အတွက် မိမိအနေဖြင့် အားပေးဆောင်ရွက်လျက် ရှိကြောင်း။

မွေးမြူရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နွားအကောင်ရေ ၁၀ သန်းကျော်ခန့်ရှိပြီး အခြား ကျွဲ၊ ဝက်၊ ကြက် များလည်း အရေအတွက်များစွာရှိကြောင်း၊ အဆိုပါ မွေးမြူရေးလုပ်ငန်းများကို အကျိုးရှိရှိ အသုံးချရန်လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ဇီဝမြေဩဇာများ ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Skill Labor များနှင့် ပညာရှင်များလည်း လိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် သင်တန်းကျောင်းများနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများ အသုံးပြုခြင်းထက် ခေတ်မီနည်းစနစ်များ ပြောင်းလဲအသုံးပြု၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လာမည့် ၂ နှစ် ၃ နှစ်အတွင်း တိုးတက် ကောင်းမွန်လာမည် ဆိုပါက လာမည့် ၅ နှစ်တာ ကာလခန့်အတွင်း မိမိတို့နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျောက်မီးသွေး အသုံးပြု၍ ဓာတ်မြေဩဇာ ထုတ်လုပ်ပြီး ယင်းမှ စွန့်ပစ်အပူဖြင့် လျှပ်စစ် ဓာတ်အားထုတ် လုပ်နိုင်သဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ရေသုံးစွဲမှုနှင့် ပတ်သက်၍ သဘာဝရေချိုကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်းအညာဒေသများတွင် မိုးနည်းပြီး ရေရှားပါးမှုများ ဖြစ်ပေါ်သည့် ဒေသများရှိသကဲ့သို့ မိုးများသည့် အရပ်ဒေသများဖြစ်သည့် ရခိုင်၊ တနင်္သာရီတို့တွင် ရေချိုရှားပါးမှုများဖြစ်ပေါ် လျက်ရှိကြောင်း၊ ရေချိုရှားပါးမှု လျှော့ချနိုင်ရေး မိုးရေလှောင်ကန်များ ပြုလုပ်၍ ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ သဘာဝ ရေအရင်းအမြစ်များကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဦးမောင်းဟာနှင့် စောဒန်နီယယ်တို့က သာသနာနွယ်ဝင် ရဟန်းသံဃာများ၊ ကိုရင်နှင့် သီလရှင်များ အကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများတွင် ဆရာဝန်လိုအပ်ချက်ကို အထောက်အကူ ပြုနိုင်ရေးအတွက် ကျန်းမာရေးမှူးများ ဖြည့်တင်းခန့်ထားပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်ဖွဲ့စည်းထားသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပါတီနိုင်ငံရေးကင်းရှင်းစေရေး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသွားမည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံတကာ အားကစားအဖွဲ့များနှင့် လိုအပ်သည့် ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ အားကစားအဖွဲ့ချုပ်များ ပြန်လည်စိစစ် ဖွဲ့စည်းဆောင်ရွက်ရေး၊ စာသင်ကျောင်းများတွင် လူငယ်အသိပညာ မြှင့်တင်ရေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊ တရားဝင် ဖွဲ့စည်းထူထောင်ထားသော နိုင်ငံရေးပါတီများ ရပ်တည်နိုင်ရေးအတွက် လိုအပ်နေသည့် အခက်အခဲများကို သက်ဆိုင်ရာက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရေး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ကန်တော်ကြီးရေ သွယ်ယူရရှိရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ မင်းတပ်ဒေသမှ ပင်စင်စားများ အငြိမ်းစားလစာ ထုတ်ယူနိုင်ရေးအတွက် ကာလသတ်မှတ်ချက်များကို ဖြေလျှော့ပေးရေး၊ ကျောင်းသားများ လုံခြုံအေးချမ်းစွာ စာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အခြေခံအလုပ်သမားများ နိုင်ငံကူး Passport ပြုလုပ်ရာတွင် မြန်မြန်ဆန်ဆန် ရရှိစေရေး၊ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ဆွေးနွေးညှိနှိုင်းနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာနွယ်ဝင်များအား အကြမ်းဖက် သတ်ဖြတ်သူများကို ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် အထူးတရားရုံးများ ဖွဲ့စည်း၍ အမြင့်ဆုံးပြစ်ဒဏ်ပေးရေး ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေများတွင် သင့်လျော်သလို ပြင်ဆင်ပြီးမှသာ အဆိုပါ ဥပဒေ သတ်မှတ်ချက်များအတိုင်း စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းနှင့် ပတ်သက်၍ မြို့ပြနှင့် ကျေးလက်ဆရာဝန် လိုအပ်ချက်များအတွက် လက်ထောက်ကျန်းမာရေးမှူးများ ဖြည့်တင်းနိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ပြည့်မီရေးအတွက် စီမံချက်ချ ဆောင်ရွက်လျက် ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း ထည့်သွင်း ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းရေး အတွက်လည်း သက်ဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် လူငယ်အသိပညာ မြှင့်တင်ရေး ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရေး ကျောင်းဖွင့်ရာသီ နောက်ပိုင်းတွင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊

ရေနှင့် ပတ်သက်၍ ရေရှားပါးသည့် ဒေသများတွင် မိုးရေစုဆောင်း၍ အသုံးပြုသည့်နည်းလမ်း၊ မြေအောက်ရေထိန်းသိမ်းသိုလှောင် အသုံးပြုသည့် နည်းလမ်းများ ကြံဆဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်တွေမြို့ ကန်တော်ကြီးရေရရှိရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့်အလုပ်သမားများ Passport ရရှိရန် ကြန့်ကြာနေရခြင်းသည် ယခုကာလတွင် ပြည်ပထွက်ခွာမှု များပြားနေသည့်အတွက် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသားများ တတ်နိုင်သမျှ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဖော်ဆောင်ပေးခြင်းဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ပါဝင်သင့် ပါဝင်ထိုက်သူများကို ဖိတ်ခေါ်ဆွေးနွေးသွားရန်လိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် နိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ခရိုင်အဆင့်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးနေကြောင်း၊ အဆိုပါ ကျောင်းများမှ ထူးချွန်စွာ အောင်မြင်သူများကို စိုက်ပျိုး၊ မွေးမြူရေးနှင့် နည်းပညာသိပ္ပံကျောင်း၊ ယင်းမှတစ်ဆင့် ကောလိပ်နှင့် တက္ကသိုလ်တို့သို့ ဝင်ခွင့်စာမေးပွဲဖြေဆို၍ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း။

ရေလုံလောက်စွာ ရရှိရေးနှင့်စပ်လျဉ်း၍ လိုအပ်ချက်ရှိသည့် ဒေသများတွင် နိုင်ငံတော်အပိုင်းက တတ်နိုင်သမျှ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြို့အလိုက်၊ ရပ်ကွက်အလိုက်၊ နေအိမ် အလိုက်လည်း မိုးရေခံရေကန်၊ ရေစုကန်၊ ရေလှောင်ကန်များ တည်ဆောက်သုံးစွဲရန် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စုဆောင်းထားသည့် ရေများကိုလည်း အလေအလွင့် မဖြစ်စေရန် ချွေတာသုံးစွဲကြရန် လိုကြောင်း။

ပညာရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများစွာ ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရေးသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း KG+9 အဆင့် တတ်မြောက်ရန် လိုကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးရန်လိုကြောင်း၊ ယင်းမှ အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်သို့ ဆက်လက် ကူးပြောင်းနိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။