နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့်အတူ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု နိုင်ငံတော်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှု ရှိစေရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန် လိုသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန် လိုသည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁)နှင့်အဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခွင့် ရသည့်အတွက် အထူးကျေးဇူးတင်ရှိသည့်အခြေအနေများ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းကို အစဉ်လက်ခံထားသည့် အခြေအနေများနှင့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)မှ ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။