မြန်မာနိုင်ငံ၏ စီးပွားရေးက လယ်ယာစိုက်ပျိုးရေးကို အခြေခံသည်။ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံက ကျေးလက် တွင် နေထိုင်ကြပြီး စိုက်ပျိုးရေးအခြေခံ စီးပွားရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း မှီခိုနေကြရသည်။ သို့ရာတွင် တောင်သူအများစုမှာ သမားရိုးကျ စိုက်ပျိုး ထုတ်လုပ် နေကြ သူများ ဖြစ်ပြီး ခေတ်မီစိုက်ပျိုး ထုတ်လုပ်မှုနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ကဲ့သို့သော အဓိက အကြောင်းရင်း များအပြင် အခြားအကြောင်း အရာများစွာတို့ကြောင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များကို တန်ဖိုး မြှင့် ထုတ်ကုန် များအဖြစ် ဈေးကွက်သို့ တင်ပို့နိုင်မှုနည်းပါးကာ ကုန်ကြမ်းများအဖြစ်သာ တင်ပို့ရောင်းချ နိုင်ခဲ့ကြ သည်။
ဥပမာအားဖြင့် ဆန်ကို ဆန်အဖြစ်သာ တင်ပို့ရောင်းချနေရပြီး အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် ဆန်မှုန့်၊ ဆန်ပြုတ်ထုပ်၊ ဆန်ဘီစကွတ်၊ ဆန်ကွတ်ကီး၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ ဖွဲနုဆီ စသည်တို့ အပါ အဝင် ဆန်ထွက် စားသောက်ကုန်များကိုမူ ကုန်တိုက်များ စတိုးဆိုင်များတွင် မိမိတို့ဝယ်ယူစားသောက်နေကြ ရသည်။ နိုင်ငံခြားမှ တင်သွင်းလာသည့် စားသောက်ကုန်များစွာ တို့တွင် အသုံးပြုထားသည့် ကုန်ကြမ်းများမှာ မိမိတို့နိုင်ငံ၌ စိုက်ပျိုးထွက်ရှိသည့် ပစ္စည်းများသာဖြစ်သည်ကိုလည်း တွေ့ရှိနိုင် ကြသည်။ လက်ရှိ အခြေအနေ တွင်မူ မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးရေး ထွက်ကုန်သီးနှံနှင့် သစ်သီးဝလံတို့မှာ အိမ်နီးချင်း နိုင်ငံ ဈေးကွက် တစ်ခုခုကိုသာ အဓိကထားကာ စိုက်ပျိုးထုတ်လုပ် နေကြရပြီး အကြောင်းတစ်ခုခုကြောင့် မူလ ဦးတည် ထားသည့် ဈေးကွက်က ဝယ်ယူမှုမပြုခြင်း၊ အဝင်မခံခြင်းတို့နှင့်ကြုံလာရ သည့်အခါတွင် ပြည်တွင်းမှ တောင်သူများနှင့် အရောင်းအဝယ် ကုန်သည်တို့ အထိနာကြရသည်။
တစ်ဖက်တွင်လည်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ၏ အားနည်းချက်များအဖြစ် အရည်အသွေး ကောင်းမွန်သည့် စိုက်ပျိုးထုတ်ကုန်များ၊ ကောင်းသော စိုက်ပျိုးထုတ်လုပ်မှုကျင့်စဉ်များနှင့် အညီ စိုက်ပျိုး ထုတ်လုပ်မှုများအတွက် အားထုတ်ကြိုးပမ်းကြရန် လိုအပ်နေသေးခြင်းပင် ဖြစ်သည်။ မိမိတို့ စိုက်ပျိုး ထုတ်လုပ် လိုက် သည့်ပစ္စည်းက အရည်အသွေးကောင်းမွန်မည်၊ ဈေးကွက်၏ တောင်းဆိုချက်များအပေါ် အာမခံ နိုင်မည်ဆိုပါက မျက်နှာပန်းလှ မည်ဖြစ်ပြီး အရည်အသွေးနိမ့်ကျနေမည်ဆိုပါက ဝယ်သူပြုသမျှ နုရမည် သာဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာ ဈေးကွက်တွင် ပိုးမွှား၊ မှို၊ ဓာတု ဓာတ်ကြွင်းတို့ ကင်းစင်သော၊ အရည်အသွေးကောင်းမွန်သော စိုက်ပျိုးထုတ်ကုန်များကိုသာ စနစ်တကျ စိစစ် ဝယ်ယူ လာနေကြပြီဖြစ်သည်ကို သတိချပ်၍ GAP - Good Agricultural Practices စိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများကို ပိုမိုကျင့်သုံး ခြင်းနှင့် ဘေးကင်းသည့် စားနပ်ရိက္ခာများ ထုတ်လုပ်ခြင်းဖြင့်သာ ဈေးကွက်ကို ရေရှည်ခိုင်မြဲစေနိုင်မည် ဖြစ်သည်။ ။
ရေရှည်တွင်မူ ပြည်တွင်းစိုက်ပျိုးရေး ထုတ်ကုန်များကို တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်သည့် ပြည်တွင်း စားသောက် ကုန်လုပ်ငန်းများ နိုင်ငံတကာနှင့်ယှဉ်၍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဖြစ်သည်။ လက်ရှိ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံအများစုမှာ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သော်လည်း ကုန်ပစ္စည်း အရည် အသွေး၊ ထုပ်ပိုးပုံနှင့် နည်းပညာတို့တွင် လိုအပ်ချက်များစွာရှိနေပြီး ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းမှုများစွာ ပြုလုပ်ကြရဦးမည်ဖြစ်သည်။
အနာဂတ်တွင် နိုင်ငံ၏ လူဦးရေတိုးတက်လာခြင်း၊ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ စားသုံးမှုမြင့်မားလာမည့် အလား အလာကောင်းများရှိနေခြင်းတို့က ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများအတွက် မျှော်လင့် ချက် များပင်ဖြစ်ရာ ပြည်တွင်းမှထုတ်လုပ်လိုက်သည့် ကုန်ကြမ်းများကို ပြည်တွင်း မှာပင် တန်ဖိုး မြှင့်ကာ ကုန်ချောများထုတ်လုပ်နိုင်ခြင်းဖြင့် လယ်ယာစိုက်ပျိုးရေး အခြေခံ စီးပွားရေးကို မြှင့်တင်နိုင်ကြ ပါစေ ကြောင်း။ ။