Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော် အရာရှိကြီးများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ယခင်ရောက်ရှိစစ်ဆေးစဉ် စစ်ဆေးတွေ့ရှိချက်၊ လမ်းညွှန် မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ တိုးတက်မှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိမှု၊ ရေပန်းဝိုင်းနှင့် ကျောက်စာရုံစေတီများ တည်ဆောက်နေမှု၊ ပိဋကတ်သုံးပုံ ကျောက်စာများကို ခေတ်မီ စက်ကိရိယာများအသုံးပြု၍ ရေးထွင်းလျက် ရှိမှု၊ နဂါးရုံဘုရားအား ဆရာတော်ဘုရားကြီးများ၏ လမ်းညွှန် မိန့်ကြားချက်များနှင့်အညီ တည်ထား ကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိမှု၊ ပိဋကတ်သုံးပုံ ကျမ်းစာများကို ပုံနှိပ်ထုတ်ဝေ၍ လှူဒါန်းမှုများ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မည့် နေရာသည် ဘုရား၊ သိမ်၊ ကျောင်း၊ ကန်၊ တံတားနှင့် မြောင်းများ ပြည့်စုံစွာ ပါဝင်သည့် နေရာတစ်ခု ဖြစ်ကြောင်း၊ နဂါးရုံဘုရားကို တည်ထား ကိုးကွယ်ရာတွင် ဆရာတော်ဘုရားကြီးများ၏ လမ်းညွှန် မိန့်ကြားချက်များနှင့်အညီ တည်ထားကိုးကွယ်ရန်လိုသကဲ့သို့ ပိဋကတ်တော်လာ စာပေကျမ်းဂန်များနှင့်လည်း ကိုက်ညီရန်လိုကြောင်း၊ ပိဋကတ်သုံးပုံကျမ်းစာများကို ထုတ်ဝေရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဆင့်အတန်းမီသည့် ပုံနှိပ်ထုတ်ဝေမှုမျိုးဖြင့် ခန့်ညားထည်ဝါမှုရှိအောင် စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပိဋကတ်သုံးပုံ ကျမ်းစာအုပ်များကို လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေးအတွက်လည်း အသိပေး နှိုးဆော်ရမည်ဖြစ်ကြောင်း၊ ပိဋကတ်သုံးပုံ ကျောက်စာချပ်များ ထားရှိမည့် ကျောက်စာရုံစေတီများ ရာသီဥတုဒဏ် ခံနိုင်ရေးနှင့် ကျောက်စာချပ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ချိန်ကတည်းက တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ် ဆောင်ရွက်နေရန် လိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ပလ္လင်တော် အကြမ်းထည် တည်ဆောက်ပြီးစီးမှု၊ ကျောက်စာချပ်များကို ခေတ်မီစက်ကိရိယာဖြင့် ထွင်းထုနေမှု၊ ရတနာပုံခေတ်ဟန် မင်္ဂလာတံတားတည်ဆောက်ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒာအိုင်နှင့် ကျောက်စာရုံများ တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီ းဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ကျောက်တုံးတော်ကြီးများ သယ်ယူမှု၊ ကျောက်တုံးတော်ကြီးများကို CNC စက်ကြီးများဖြင့် ထုဆစ်မှု၊ ကျောက်စာရုံစေတီများ တည်ဆောက်မှု၊ ကျောက်စာချပ်များကို CNC စက်ကြီးများဖြင့် ထုဆစ်မှု၊ သုဓမ္မာဇရပ်များ၊ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမ သိမ်တော်ကြီး၊ မုစလိန္ဒာအိုင်၊ ရေပန်းဝိုင်း၊ ရတနာပုံခေတ်ဟန် မင်္ဂလာတံတားနှင့် အခြားဆက်စပ်သည့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိ တည်ဆောက်ပြီးစီးမှုမှာ ၄၀ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။