Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကြည်းတပ်စစ်သံမှူး Col. Saranyanis Sutthiwajachinadej နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ  တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များ ပပျောက်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ရေး၊ ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများကျင်းပရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ ဖလှယ်နိုင်ရေးတို့အတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးကမ်းလှမ်းဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးနေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDMဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်မှလည်း ၎င်းတို့၏နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။