Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေများ၊ NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုလုပ်ရပ်များကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ယင်းတို့၏ ဆိုးရွားစွာဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မိုင်းထောင်ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများ ကြောင့် ပြည်သူပိုင်အဆောက်အဦများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများပျက်စီးခဲ့ရမှု အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိမှု၊ မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အာဆီယံ၏မူဝါဒတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ “တစ်ဦးတစ်ယောက်မှ မကျန်ရ ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း “လူ့အသက်ထက် အရေးကြီးတာဘာမျှမရှိ ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H. E. Ekkaphab Phanthavong၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။