Skip to main content

ရပ်ရွာလုံခြုံအေးချမ်းရေး ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်

မြန်မာနိုင်ငံတွင် အကြမ်းဖက် အဖွဲ့များဖြစ်သည့် CRPH နှင့် NUG နိုင်ငံရေး အစွန်းရောက်သမားများ၏ သွေးထိုးလှုံ့ဆော် ထောက်ပံ့ မြှောက်ပင့်ပေးမှုများကြောင့် ပြည်တွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများက တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ဖျက်ဆီးနေကြသည်ကို တွေ့ကြရမည် ဖြစ်သည်။ ယခုရက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာဖြင့် တိုက်ခိုက် နှောင့်ယှက်မှုကြောင့် အပြစ်မဲ့ပြည်သူများ စိုးရိမ်ထိတ်လန့် ဖြစ်ကြပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များကို ဆန်းစစ်ကြည့်လျှင် မြို့ပေါ်တွင် အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်မှု၊ ဗုံးထောင်မိုင်းခွဲမှု အချို့ရှိပြီး ယင်းတို့ကို လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေရှင်းလင်း ထိန်းသိမ်းနိုင်သည်ကို တွေ့ရသည်။ ကျေးလက်ဒေသများ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမှ ကျေးလက်များတွင်မူ အကြမ်းဖက်မှုများ မကြာခဏ ပေါ်ပေါက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လုံခြုံရေးအလှမ်းဝေးမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ နယ်မြေဒေသ ကျယ်ပြန့်မှုတို့ကြောင့် အကြမ်းဖက် အဖျက်သမားများ ခေါင်းထောင်နေ၊ အတင့်ရဲနေသည်ကိုတွေ့ရသည်။ ယင်းကို ပြည်သူများ ပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ်ဖြင့် ကာကွယ်နိုင်မည် ဖြစ်သည်။

လုံခြုံရေး အဖွဲ့အစည်းများအနေဖြင့် နယ်မြေဒေသ ကျယ်ပြန့်သည့် နေရာများတွင် ပြည်သူများလုံခြုံရေးကို လွှမ်းခြုံ ဆောင်ရွက်ပေးရန်အတွက် လိုအပ်ချက်များ ရှိမည်ဖြစ်သည်။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် ကာကွယ်ရေးစနစ်လိုအပ်လာသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းထားသည့် ကျေးရွာများရှိသည်။ ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းရာတွင် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန်အတွက် နယ်မြေအေးချမ်းသာယာမှု မရှိသောဒေသများ၊ နယ်မြေအခက်အခဲဖြစ်သည့် ဒေသများရှိ ပြည်သူလူထုက သက်ဆိုင်ရာသို့ လျှောက်ထားရသည်။ လျှောက်ထားလာမှုအပေါ် နိုင်ငံတော်က အဆင့်ဆင့်ဆုံးဖြတ်၍ ဖွဲ့စည်းပေးရသည်။ ထို့နောက် ပြည်သူ့စစ်အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းရသည်။

ပြည်သူ့စစ်အဖွဲ့ကို အရန်အဖွဲ့၊ ပင်မအဖွဲ့၊ အထောက်အကူအဖွဲ့ဟူ၍ ဖွဲ့စည်းရသည်။ လက်နက် တပ်ဆင်ရာတွင်လည်း လိုအပ်သော လက်နက်သာ တပ်ဆင်ရသည်။ ထို့အပြင်လိုအပ်သည့် လုံခြုံရေးဆိုင်ရာ သင်ကြားမှုများ၊ စည်းမျဉ်းစည်းကမ်းများကို လုံခြုံရေးအဖွဲ့အစည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရသည်။ နိုင်ငံအတွင်း ဖွဲ့စည်းပေးထားသော ပြည်သူ့စစ်များသည် အထက်ပါအတိုင်း စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်။ ကျေးရွာတစ်ရွာတွင် ပြည်သူ့စစ် ဖွဲ့စည်းထားပါက အကြမ်းဖက်သမားများက ဝိုင်းဝန်းတိုက်ခိုက်မှုများ ကြုံတွေ့ရသဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်းများက ထောက်ပံ့ဖြည့်ဆည်း ပေးမှုများ ပြုလုပ်ပေးလျက် ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးသည်။

နယ်မြေဒေသအသီးသီးရှိ ဒေသခံပြည်သူများ အနေဖြင့် မိမိရပ်ရွာ လုံခြုံရေး၊ မိမိတို့ မိသားစုဝင်များ လုံခြုံရေးကို ရှေးရှု၍ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အထောက်အကူပြု အဖွဲ့ဝင်များ ဖွဲ့စည်း ဆောင်ရွက်ကြသည့် အတွက် နိုင်ငံတော်အနေဖြင့်၊ တပ်မတော်အနေဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့်အတွက် အသိအမှတ်ပြု ကျေးဇူးတင်လျက်ရှိသည်။ ပြည်သူ့စစ်အဖွဲ့များ အနေဖြင့် လိုအပ်ချက်များ ရှိပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများသို့ တင်ပြလျှင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပေါင်းစပ်ညှိနှိုင်းပြီး အကောင်းဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အကောင်းဆုံး ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့များ အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ထိတွေ့တင်ပြ ဆောင်ရွက်ကြရန် လိုအပ်ပေသည်။

လက်ရှိတွင် နိုင်ငံရေး အရောင်အသွေး ပယောဂမရှိသည့် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီး များသည် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ရင်သွေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စွန့်စား ကြိုးပမ်းကာကွယ် စောင့်ရှောက်ကူညီနေကြသည်ကို တွေ့ရသည်။ ထိုသို့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာဒေသလုံခြုံအေးချမ်းရေး အတွက် မွန်မြတ်သောစေတနာဖြင့် စွန့်စား ဆောင်ရွက်နေကြသူများအား အသိအမှတ်ပြုရမည် ဖြစ်သည်။ သို့ဖြစ်ရာ လုံခြုံအေးချမ်းပြီး ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းများ အဖြစ် ရပ်တည် နေထိုင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်