ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများမှ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းအား ဖြေလျှော့ခြင်းနှင့်ပတ်သက်သည့် အများပြည်သူသို့ အသိပေးသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် Mask တပ်စရာမလိုတော့ဟု အတွေးမမှားဖို့ လိုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကူးစက်မြန်ရောဂါအဖြစ် စတင်သတ်မှတ်သည့် အချိန်မှစ၍ ရောဂါကာကွယ်ရေးအတွက် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရန် အစဉ်အမြဲ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု မြင့်မားလာခြင်း၊ ပြည်သူလူထုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများအား ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်းများ သိသိသာသာ ကျဆင်းလာပြီဖြစ်၍ နှာခေါင်းစည်း တပ်ဆင်ခြင်းကို လုံးဝပယ်ဖျက်ခြင်းမဟုတ်ဘဲ ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ပါသည်။
ပြည်သူများအနေဖြင့် အခန်းတွင်း၌ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရှိနေသည့်အခါ၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စသည့် ယာဉ်များဖြင့် ခရီးသွားလာသည့်အခါ၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ ကျန်းမာရေးဌာန၊ ရုံး၊ ကျောင်း၊ ဈေးဝယ်စင်တာ၊ ဘိုးဘွားရိပ်သာ အစရှိသည့် လူနေထူထပ်သော နေရာများ၌ လူအများနှင့် အတူရှိနေသောအခါ၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိသောအခါများတွင် ပါးစပ်နှင့် နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ပြီး ယင်းအခြေအနေများ မဟုတ်သည့် အနေအထားတွင်မူ Mask ကို မတပ်ဘဲနေနိုင်သည့် သဘောဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် အရှင်းပျောက်ကွယ်သွားခြင်း မရှိသေးဘဲ နိုင်ငံအချို့တွင် ရောဂါဖြစ်ပွားနှုန်း မြင့်မားနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင်မူ လျော့ကျလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ လျော့ကျသွားသော်လည်း ရောဂါပိုးတွေ့ရှိမှု နေ့စဉ်အနည်းငယ်ရှိနေပြီး အချို့ ရက်များတွင် ဆယ်ဂဏန်းအထက် တိုးလာသည်ကို တွေ့ရပါသည်။ ရောဂါကြောင့် သေဆုံးသူ မရှိတော့သော်လည်း ရောဂါပိုး မတွေ့တော့သည့်ရက် မရှိသေးပါ။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဥပေက္ခာပြုထားရန် မသင့်သေးဟု ဆိုချင်ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သည့် ဗီဇမျိုးကွဲ မျိုးစိတ်များ ဆက်လက်ပေါ်ထွက်နေဆဲဖြစ်ပြီး မကြာသေးမီက မျောက်ကျောက်ရောဂါတစ်မျိုး အာဖရိကတွင် စတင်တွေ့ရှိကာ ယခုအခါ ကမ္ဘာ့နိုင်ငံ ၄၄ နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိသွားသဖြင့် ကူးစက်လူနာပေါင်း ၃၅၀၀ ကျော်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ အမှန်တကယ်တွင် ဗိုင်းရပ်စ်ပိုးမွှားများသည် လူတို့နှင့်အတူရှိနေတတ်ပြီး လူတို့ ကိုယ်ခံအားကောင်းနေသောအခါ၊ အကျိုးပြုပိုးများ ရှိနေသောအခါ လူကို အန္တရာယ်ပေးနိုင်သော ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ကူးစက်နိုင်ခြင်းမရှိဘဲ လူတွင် ကိုယ်ခံအားနည်းသွားသည့်အခါ ရောဂါပိုးများ ဝင်ရောက်လာနိုင်ပါသည်။
ထို့အပြင် လူတို့ကမ္ဘာတွင် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုများ၊ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါပိုး ဆိုက်ရောက်မှုများရှိခဲ့ဖူးပြီး အနာဂတ်ကာလတွင်လည်း ရှိလာနိုင်ပါသည်။ ရောဂါစတင်ဖြစ်ပွားသည့် နေရာမှသည် အခြားသို့ ပျံ့နှံ့လာခြင်းသည် လူတို့ကြောင့်ပင်ဖြစ်သည်ကို သတိမူရမည်ဖြစ်သည်။ လူတို့၏ ကြောက်စိတ်များကြောင့် ရွှေ့ပြောင်းထွက်ခွာ နေထိုင်ကြရာမှ၊ လူတို့၏ မဆင်မခြင် ကျန်းမာရေးနှင့် မညီညွတ်သည့် နေထိုင်မှုပုံစံများ ရှိကြရာမှ၊ လူ့အသုံးအဆောင်ပစ္စည်းများမှ ရောဂါပိုးများ ပျံ့နှံ့လာခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။ လူတို့၏ နေထိုင်လုပ်ကိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ဖြေလျှော့ပေးလိုက်သော်လည်း မေ့မေ့ပျောက်ပျောက် ပေါ့ပေါ့တန်တန် မနေကြရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ မည်သည့်ကိစ္စတွင်မဆို သတိဆိုသည်မှာ ပိုသည်မရှိပါ၍ ကျန်းမာရေးနှင့် ပတ်သက်လာလျှင်လည်း အစစအရာရာ သတိထားကြရမည်ဖြစ်သည်။ မျက်မှောက်ကာလ ကိုဗစ်-၁၉ ရောဂါ အရှင်းမကွယ်ပျောက်သေးသောအခါ၌ ပတ်ဝန်းကျင်အခြေအနေကို သတိမူပြီး ကျန်းမာရေးအသိ အမြဲရှိ၍ ဆောင်ရွက်သင့်သည်တို့ကို ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ ။