Skip to main content

ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် လိုအပ်ချက်အရ ပါဝင်နေရသည်ကို မှန်မှန်ကန်ကန် သိရှိနားလည်ရမည်ဖြစ်

နေပြည်တော် ဇူလိုင် ၄

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေခြင်းသည် နိုင်ငံတော်အတွက် လိုအပ်ချက်အရ ပါဝင်ဆောင်ရွက်နေရခြင်းပင်ဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ကို မှန်မှန်ကန်ကန် သိရှိနားလည်နေရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲသာမရှောင်သာသော အခြေအနေအရ လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေမိသားစုများအနေဖြင့် မှန်မှန်ကန်ကန် သိရှိထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့် လက်ရှိဖြစ်တည်ချက်များအရ တပ်မတော်သည် နိုင်ငံတော်၏အမျိုးသားရေးကိစ္စရပ်များတွင် ပါဝင်နေရခြင်းဖြစ်သကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံရေးဆောင်ရွက်သူများအနေဖြင့် နိုင်ငံရေးရင့်ကျက်မှုနှင့် သဟဇာတဖြစ်မှုများရှိရန် လိုအပ်နေသေးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးစနစ် မတူညီကွဲပြားမှုများရှိကြောင်း၊ အချို့သောနယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေခံအချက်များအပြင် အခြား အခြားသော အချက်များစွာတို့အရ နိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများ ယနေ့အထိ လိုအပ်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုများရှိရန်အတွက် မိမိတို့နိုင်ငံတွင် ခိုင်မာသည့် အင်စတီကျူးရှင်း လိုအပ်ကြောင်း၊ ထိုအင်စတီကျူးရှင်းမှာ တပ်မတော်သာဖြစ်ပြီး နိုင်ငံတော်၏ Guardian အနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေးကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့်အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖျက်သိမ်း၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ရကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စုကြီး စည်းစည်း လုံးလုံးဖြင့် တည်ငြိမ်မှုရှိစေရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ရသဖြင့် တပ်မတော်၏ နိုင်ငံတော်၏ တာဝန်ထမ်းဆောင်မှုအပေါ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးအရ နာကြည်းမှုများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနာကြည်းမှုများသည် ယခုအချိန်အထိ ကျန်ရှိနေသေးကြောင်း။

ပညာရည် မြင့်မားရေး

တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ကာ အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း၊ မိမိတို့နိုင်ငံရှိပြည်သူများတွင် နိုင်ငံရေးသိရှိနားလည်သူများရှိသကဲ့သို့ သိရှိနားလည်မှု အားနည်းသူများလည်းရှိကြောင်း၊ နိုင်ငံရေးအသိ အားနည်းသူများအပေါ် သွေးထိုးဆောင်ရွက်နေမှုများလည်းရှိကြောင်း၊ ထိုသို့ နိုင်ငံရေးအသိအားနည်းရခြင်းမှာလည်း နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပညာရေးအခြေအနေနှင့်လည်း ဆက်စပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရည်သည် ခေတ်အဆက်ဆက်တွင် နိမ့်ကျခဲ့ပြီး အတန်းပညာ ပြီးမြောက်သူနည်းပါးခဲ့ကြောင်း၊ ပညာရည်အားနည်းသဖြင့် အသိပညာအားနည်းရခြင်းပင် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၈ နှစ် အထက်မဲပေးခွင့်ရှိသူ လူဦးရေ ၃၄ ဒသမ ၂၉ သန်းဖြစ်ပြီး လူဦးရေတိုးတက်နှုန်းမှာ ၀.၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းသန်းခေါင်စာရင်း အချက်အလက်များအရ အသက် ၅ နှစ်အထက် ကျောင်းမနေဘူးသူ ဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်နှင့် အထက် ၁၂ ဒသမ ၈ သန်းသည် မူလတန်းအောက် ပညာအရည်အချင်းသာရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များများစွာ ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ ပညာတတ်မြောက်မှသာ စာပေဗဟုသုတ လေ့လာမှုရှိမည်ဖြစ်ပြီး အသိပညာဗဟုသုတ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝလာစေရေး၌ ကျန်းမာကြံ့ခိုင်မှုသည်လည်း အရေးကြီးသဖြင့် ပညာရည်မြှင့်တင်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဟန်ချက်ညီမြှင့်တင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အခြေခံကျသည့် တစ်မျိုးသားလုံး ပညာရည်မြှင့်တင် ရေးလုပ်ငန်းကို နိုင်ငံတော်၏ အနာဂတ်အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးကတည်းက နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှုများ၊ အယူဝါဒ မတူညီမှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရပြီး မျိုးဆက်များအလိုက် ပြောင်းလဲသွားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများသည် ယနေ့ထက်တိုင် ရှိနေသေးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများမရှိမှသာ နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်နေသည့် အခြေအနေတွင် နိုင်ငံကိုထိန်းသိမ်းနိုင်သည်မှာ တပ်မတော်သာလျင်ဖြစ်ပြီး တပ်မတော်အနေဖြင့် အချို့အရာများတွင် အနစ်နာခံဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် ကိစ္စရပ်များသည် ခံယူချက်ကောင်းများဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ အောင်မြင်ရေးအတွက် တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး

နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံ၌ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် စည်းကမ်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုပြီး အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နိုင်ငံများသည် မိမိတို့နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု၊ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုပဋိပက္ခများကို မိမိတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပုံမှန်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားရေးမျှော်မှန်းချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေရာတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖြစ်ရန်လိုပြီး ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားသည့် လုပ်ရပ်မဖြစ်ရန်လိုကြောင်း၊ ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာ၌ ဖက်ဒရယ်စနစ်ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာများ ခွဲဝေပေးထားခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ထူးခြားချက်မှာ ရှေးဘုရင်များလက်ထက် ကတည်းကပင် တစ်ပြည်ထောင်နိုင်ငံမဟုတ်ဘဲ တိုင်းရင်းသားဒေသများအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်းတည်ထောင်ခဲ့သည့် ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးချိန်တွင် ယခင်က မြန်မာနိုင်ငံနယ်နိမိတ်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားပြည်သူများ အားလုံးရှေးယခင်ကတည်းက တစ်စုတစ်စည်းတည်းရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းမှုရှိမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်နိုင်မည်

အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသဖြင့် ပြည်သူလူထု၏ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းတွင် နိုင်ငံရေးအရ သမိုင်းကြောင်းများအပြင် စီးပွားရေးအရ သမိုင်းကြောင်းများရှိခဲ့ပြီး ၁၉၅၀ ပတ်ဝန်းကျင်ခန့်တွင် ကိုရီးယားစစ်ပွဲများဖြစ်ပေါ်ခဲ့ကာ မိမိတို့နိုင်ငံမှ ဆန်၊ စပါး ကဲ့သို့ ထွက်ကုန်များ ဈေးကောင်းရခဲ့ကြောင်း၊ ထို့ကြောင့် အာဏာရပါတီအနေဖြင့် ပြည်တော်သာ စီမံကိန်းကိုရေးဆွဲခဲ့ပြီး “လူတစ်ယောက် ကားတစ်စီး၊ တိုက်တစ်လုံး၊ တစ်လ ဝင်ငွေရှစ်ရာ” ဟူသည့် ကြွေးကြော်သံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားစစ်ပွဲအပြီးတွင် စပါးဈေးထိုးကျခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့သဖြင့် ဝင်ငွေနည်းပါးခဲ့ခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ဘဲ ပြည်တွင်းအုပ်ချုပ်ရေး လမ်းကြောင်း၌ အခက်အခဲများရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ အခြေခံများ ကောင်းမွန်နေပြီဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ရှိသေးကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်ဦးတည်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်ပြီးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် အုပ်ချုပ်ရေးကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

စားရေရိက္ခာပေါများရေးအတွက် ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်သည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ရှိစိုက်ပျိုးမြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးမှုများ နည်းပါးသဖြင့် သီးထပ်သီးညှပ်များ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ခေတ်မီနည်းစနစ်များဖြင့်အသုံးပြု၍ ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သီးနှံမျိုးစုံ စိုက်ပျိုး၍ ရသဖြင့် စားရေရိက္ခာပေါများရေးအတွက် ဆောင်ရွက်၍ရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာနှင့် အတတ်ပညာရှင်များလိုအပ်မည်ဖြစ်သဖြင့် ပညာရည်သင်ကြားရေးကို အားပေးကြရန်လိုကြောင်း။

အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်

မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေမြေသယံဇာတ အခြေခံကောင်း များရှိပြီးဖြစ်သဖြင့် သဘာဝက ပေးထားသည့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးချပြီး နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းထားသည်များ၊ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ ဖြစ်နိုင်ချေရှိသည်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်းအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်း မိမိတို့ပင်ကိုယ်အသိစိတ်ဖြင့် မှန်မှန်ကန်ကန် ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုပါက နောင်လာမည့် ၅ နှစ်အတွင်း မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ ထိုက်သင့်သည့် တိုးတက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံ၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တပ်မတော်မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး မိမိတို့အနေဖြင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရမည်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက် ဆောင်ရွက်နေရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ အမျိုးသားရေးရည်မှန်းချက်များချမှတ်၍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစုများ မှန်မှန်ကန်ကန်သိရှိစေရေး နောက်ခံအကြောင်းအရာများနှင့်တကွ ရှင်းလင်းပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။