Skip to main content

နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောစစ်ရေယာဉ်နှစ်စင်းအပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) လေ့ကျင့်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၅

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ)နှင့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022)အား လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများအား ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆောင်ရွက်နေသည့် စစ်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးရန်ဘင်္ဂလားပင်လယ်အော်အတွင်းရှိ စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ရောက်ရှိခဲ့ရာ (Sea Shield-2022)အား လေ့ကျင့်လျက်ရှိသည့် ရေတပ်ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊ လေ့ကျင့်ခန်းကြီးကြပ်ရေးမှူး(Officer scheduling Exercise-OSE) ဗိုလ်မှူးချုပ်ကျော်စိုးမိုး၊ တာဝန်ရေတပ်မမှူး ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် လေ့ကျင့်ခန်းတွင်ပါဝင်ကြသည့် အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022)ကို လေ့ကျင့်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေပြင်သွားစစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် ရဟတ်ယာဉ်များအပါအဝင် ရေပေါ်ရေအောက်ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ပိုင်နက်နယ်မြေအားလုံးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိနေရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည်မှန်သမျှကို ကာကွယ်ရေးအမြင်ဖြင့် ကြိုတင်မျှော်တွေးပြီး သတင်းမပြတ်ဖော်ထုတ်ရန်နှင့်ရရှိလာသည့် သတင်းအချက်အလက်များကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်းများမှတဆင့် သင်ခန်းစာဖော်ထုတ်ပြီး နောင်အနာဂတ်ရေတပ်အတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်များကို ဖော်ထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်မည့် စစ်ရေယာဉ်များမှ ရှေ့နောက်တန်းပုံပြုပုံစံ(Single Line Formation)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုချီတက်မောင်းနှင် အလေးပြုကြသည်။

၎င်းနောက် VBSS လေ့ကျင့်ခန်းအနေဖြင့် စစ်ရေယာဉ်များလေ့ကျင့်ခန်းဧရိယာသို့ ခုတ်မောင်းနေစဉ် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိဖြတ်သန်း ခုတ်မောင်းနေသည့် သံသယဖြစ်ဖွယ် ပြည်ပကုန်သွယ်ရေယာဉ်တစ်စီးအား ထောက်လှမ်းတွေ့ရှိသဖြင့် စစ်ရေယာဉ်(မုတ္တမ)မှ ROE အရ ရေယာဉ်ဆိုင်ရာအချက်အလက်များ မေးမြန်းခြင်းနှင့် ရပ်တန့်အစစ်ဆေးခံရန် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ရပ်တန့်မှုမရှိသဖြင့် တက်ရောက်၊ စီးနင်း၊ ရှာဖွေ၊ ဖမ်းဆီးမှု Procedure များအတိုင်း ဆောင်ရွက်ခဲ့သည်။ ယင်းနောက် သံသယဖြစ်ဖွယ် ပြည်ပကုန်သွယ်ရေယာဉ်အား တပ်မတော်(ရေ) အထူးတပ်ဖွဲ့ဝင် အရာရှိ/စစ်သည်များမှ Anchor Launcher အသုံးပြု၍ ရေယာဉ်ပေါ်သို့ တက်ရောက်စီးနင်းရှာဖွေဖမ်းဆီးခြင်း (Visit, Board, Search And Seizure) VBSS လုပ်ငန်းစဉ်များအတိုင်း စာရွက်စာတမ်းများအားစစ်ဆေးခြင်း၊ ရေယာဉ်အမှုထမ်းများအား မေးမြန်းစစ်ဆေးခြင်း၊ လူနေခန်း၊ ကုန်တင်ခန်းနှင့် စက်ခန်းစစ်ဆေးခြင်းများ အဆင့်ဆင့်ဆောင်ရွက်ကြပြီး စစ်ဆေးချက်များအရ ယင်းရေယာဉ်သည် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါကုန်သွယ် ရေယာဉ်အား တပ်မတော်(ရေ) အထူးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းခြင်းလေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဖရီးဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့မှ ရေငုပ်သင်္ဘောအား ပူးပေါင်းထောက်လှမ်းရှာဖွေခြင်း လေ့ကျင့်ခန်း CASEX A-2 အား ဆက်လက်ဆောင်ရွက်သည်။ ထို့နောက် ရေပြင်ရန်ကာကွယ်ရေး စစ်ဆင်မှုဇုန်အတွင်း ရန်သူ့ရေပြင်ရန် ပစ်မှတ်များအား ပစ်ခတ်တိုက်ခိုက်ချေမှုန်းရန်အတွက် မိမိရေယာဉ်အုပ်အား Battle Line Formation သို့ ပြောင်းလဲခုတ်မောင်းခြင်းများ ဆောင်ရွက်ပြီး ရေတပ်အမြောက်ကြီးများ၊ စက်သေနတ်ကြီးများဖြင့် ရန်သူ့ရေပြင်ပစ်မှတ်များအား အပြီးတိုင်ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်း လေ့ကျင့်ခန်းအား ဆက်လက်ဆောင်ရွက်ကြသည်။

ထိုသို့ ရေငုပ်သင်္ဘောရန် ကာကွယ်မှုစစ်ဆင်ရေးနှင့် ရေငုပ်သင်္ဘောစစ်ဆင်ရေးများ လေ့ကျင့်ဆောင်ရွက်ပြီး ရေပေါ်ရေအောက် ရန်သူ့ပစ်မှတ်များအား Torpedo များဖြင့်လည်းကောင်း၊ ရေတပ်အမြောက်ကြီးများဖြင့်လည်းကောင်း၊ စက်သေနတ်ကြီးများဖြင့်လည်းကောင်း လက်တွေ့ လေ့ကျင့်ပစ်ခတ်မှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ် (မုတ္တမ)ပေါ်မှ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လေ့ကျင့်ခန်းတွင်ပါဝင်သည့် အရာရှိ၊ စစ်သည်များအား အမှာစကားပြောကြားရာ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲသိင်္ခသူ)၊ တိုက်ခိုက်ရေးရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)နှင့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် စစ်ရေယာဉ် (မုတ္တမ) ပေါ်၌ တက်ရောက်မိန့်ခွန်းနာခံခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ရေတပ်လေ့ကျင့်ခန်းများကို ၂၀၀၉ ခုနှစ်တွင် ရေပြင်၊ ဝေဟင် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် တိုးတက်ကောင်းမွန်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် စစ်ရေယာဉ်များပြည့်စုံလာသည်သာမက လေ့ကျင့်ခန်းလုပ်ဆောင်ရသည့် သဘောသဘာဝများလည်း ပိုမိုပြည့်စုံလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ လေ့ကျင့်ခန်းများဆောင်ရွက်စေခြင်းသည် မိမိတို့ကြုံတွေ့လာရနိုင်သည့် စစ်မြေပြင်နှင့် အသားကျဖြစ်စေရေးနှင့် မိမိတို့၏ယာဉ်ယန္တရားများ၊ လက်နက်များ၏ စွမ်းပကားများကို လက်တွေ့ကျကျ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်စေရန်ဖြစ်ကြောင်း၊ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ကြသူများ၏ စွမ်းရည်၊ စိတ်ဓာတ်များ ကောင်းမွန်မှသာလျင် လေ့ကျင့်ခန်းတစ်ခုသည်လည်း အောင်မြင်မည်ဖြစ်ကြောင်း၊ ရေတပ်လေ့ကျင့်ခန်းများကို ယခင်က ရေပြင်၊ ဝေဟင်ပူးပေါင်းစစ်ဆင်ရေးအသွင်ဖြင့်သာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါတွင် သုံးဘက်မြင် စစ်ဆင် နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) ထိ ဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ ယခင်နှစ်က တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်တစ်စီးသာ ပါဝင်နိုင်ခဲ့သော်လည်း ယခုလေ့ကျင့်ခန်းတွင် အမျိုးအစားမတူ ရေငုပ်သင်္ဘောနှစ်စီးအထိ ပါဝင်လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကြီးမားသည့် လေ့ကျင့်ရေးအတွေ့အကြုံများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းအရှည်သည် မိုင်ပေါင်း ၁၃၀၀ ခန့်ရှိပြီး ရေပြင်ပိုင်နက်အနေဖြင့် စတုရန်းမိုင်ပေါင်း ၁၄၄၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ကျယ်ပြောလှသည့် ရေပြင်ပိုင်နက်နယ်နိမိတ်ကို စိုးမိုးနိုင်ရန်မှာ တပ်မတော်(ရေ)တစ်ခုတည်းဖြင့် ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ကြောင်း၊ လက်ရှိအခြေအနေတွင် တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝကာကွယ်နိုင်ရေး သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်(Three Dimensional Combat Ready Navy)အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

တိုက်စွမ်းအားရှိသည့် ရေတပ်ဖွဲ့ဖြစ်ရန်အတွက် တပ်မတော်(ကြည်း)တွင် မြဲသုံးမြဲရှိသကဲ့သို့ တပ်မတော်(ရေ)တွင်လည်း စစ်ရေယာဉ်များ အသင့်ဖြစ်ရမည်။ လက်နက်နှင့် လက်နက်စနစ်များ အသင့်ဖြစ်ရမည်၊ ရေတပ်သားများ အသင့်ဖြစ်ရမည်ဟူသည့် အသင့်ဖြစ်မှု ၃ ရပ်နှင့်ပြည့်စုံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ဆင်ရေးနယ်ပယ် ၃ ရပ်လုံးတွင် စစ်ဆင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များရှိနေရုံဖြင့်မရဘဲ ယင်းစစ်ရေယာဉ်များကို တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် အမြဲတမ်းပြင်ဆင်လေ့ကျင့်နေကြရန်လိုအပ်ပြီး အသင့်ဖြစ်မှု ၃ ရပ်ကို မမေ့မလျော့ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ တာဝန်ရေတပ်မမှူးက လက်ခံရယူသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း(Sea Shield - 2022) ဂုဏ်ပြု အထိမ်းအမှတ်တံဆိပ်အားပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်(မုတ္တမ)ပေါ်မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။ နောက်ဆက်တွဲ လေ့ကျင့်ခန်းများအနေဖြင့် တိုက်ပွဲပြီးပြန်လည်သုံးသပ်ခြင်း(Battle Damage Assessment) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်ထောက်ပံ့ဖြည့်တင်းခြင်း (RAS) လေ့ကျင့်ခန်း၊ မီးငြှိမ်းသတ်ခြင်းနှင့် ပျက်စီးထိန်းလုပ်ငန်းများဆောင်ရွက်ခြင်း(Fire Fighting and Damage Control) လေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်း (Search and Rescue) လေ့ကျင့်ခန်း၊ ပင်လယ်ပြင်တွဲဆွဲခြင်း(Towing) လေ့ကျင့်ခန်းများအား ဆက်လက်ဆောင်ရွက်ကြသည်။

ယနေ့ပြုလုပ်ခဲ့သည့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း(Sea Shield - 2022)ကို တပ်မတော်(ရေ) နှင့် တပ်မတော် (လေ)မှ ရဟတ်ယာဉ်များ၊ ရေငုပ်သင်္ဘောစစ်ရေယာဉ်များနှင့် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအပါအဝင် စစ်ရေယာဉ်(၂၀)စီးဖြင့် လေ့ကျင့်ခန်းနယ်မြေတွင် မုတ်သုံရာသီကာလ ရာသီဥတုဆိုးရွားနေသည့်ကြားမှ အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။