Skip to main content

မြန်မာနှင့် မြေငလျင်အန္တရာယ်

မြန်မာနိုင်ငံ၏ တည်ရှိနေသည့် ပထဝီအနေအထားနှင့်မြေမျက်နှာ သွင်ပြင်တို့အရ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများထဲတွင်ပါဝင်သည်။ သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်မြေငလျင်တို့မှာ မြန်မာနိုင်ငံအတွက် အဓိကကျသော သဘာဝဘေးအန္တရာယ်များပင်ဖြစ်သည်။ မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းသိရှိနိုင်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းအောင် ပြင်ဆင်တိမ်းရှောင်နိုင်သော်လည်း မြေငလျင်မှာမူ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသည့်အတွက် ငလျင်၏ သဘောသဘာဝကို သိနားလည်ရန်နှင့် ငလျင်ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်မှလွတ်မြောက်အောင် တိမ်းရှောင်တတ်ရန် လေ့လာပြင်ဆင်ကြရမည်ဖြစ်သည်။

ကမ္ဘာ့မြေအောက်ကျောက်လွှာကြီးများ တစ်ခုနှင့်တစ်ခုတိုးတိုက်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများကြောင့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပေါ်လာရသည်။ မြေငလျင်ဖြစ်ပေါ်သည့်နေရာ၊ ငလျင်ဗဟိုချက်၊ မြေမျက်နှာပြင်နှင့် အကွာအဝေး၊ မြေအောက် အနက်ပေ မည်မျှတွင်လှုပ်သည် စသည့်အချက်များပေါ်တွင်မူတည်ကာ မြေငလျင်၏ ပြင်းအားနှင့်အပျက်အစီးတို့ဖြစ် ပေါ်လာရသည်။ မြေငလျင်ပြင်းအားသတ်မှတ်မှု ရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိကို အင်အားအနည်းငယ်ရှိသော ငလျင်အဖြစ်သတ်မှတ်ပြီး ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိကို အင်အား အသင့်အတင့်အဖြစ် သတ်မှတ်ထားရာ ထိုအဆင့်တွင် အပျက်အစီး အနည်းငယ်ရှိနိုင်သည်။ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိ အင်အားပြင်းငလျင်အဖြစ် သတ်မှတ်ထားပြီး အပျက်အစီးများနိုင်သည်။ ရစ်ချ်တာစကေး ၇ ဒသမ ၆ မှအထက် ငလျင်ကြီး များမှာ အားအလွန်ပြင်းသော ငလျင်ကြီးများဖြစ်ပြီး ကြီးမားသည့်အပျက်အစီးများ ဖြစ်ပေါ်နိုင်သည်။

မြန်မာနိုင်ငံတွင် ပူတာအိုမှ မုတ္တမပင်လယ်ကွေ့အထိ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ကြောင်းကြီးရှိနေပြီး အဓိကမြို့ကြီးများမှာ အဆိုပါပြတ်ရွေ့ကြီးပေါ်၌ တည်ရှိနေကာ အခြားမြေငလျင်ကြောကြီးများအပါအဝင် စုစုပေါင်းငလျင်ကြောကြီး ငါးခုရှိနေသည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် အင်အားပြင်းထန်သည့် ငလျင်ကြီးများလှုပ်ခတ်ခဲ့သည့် မှတ်တမ်းများရှိနေပြီး ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေမှုနှင့် အတိတ်ကာလကလှုပ်ခဲ့သည့် ငလျင်မှတ်တမ်းများနှင့်ဆက်စပ်ကာ အနာဂတ်တွင် ငလျင်ကြီးများ လှုပ်ခတ်မှုကြုံတွေ့နိုင်သည့်အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြင်းအားတို့ကို ငလျင်ပညာရှင်တို့က ခန့်မှန်းမှုများရှိသော်လည်း ဖြစ်နိုင်ခြေခန့်မှန်းမှုများသာဖြစ်ပြီး မည်သည့်အချိန်၊ မည်သည့်ပြင်းအား စသည်ကိုမူ မည်သူမျှ အတိအကျခန့်မှန်း တွက်ချက်နိုင်ခြင်းမဟုတ်ပေ။ ငလျင်ဇုန်များဆိုသည်မှာလည်း ငလျင်ငယ်ကလေးများ ရက်ခြားလှုပ်နေတတ်သည့် ငလျင်ဇုန်မျိုးမှသည် ရာစုနှစ်ဝက်ခန့်ကြာမှ တစ်ကြိမ်လှုပ်တတ်သည့် ငလျင်ဇုန်မျိုးအထိရှိနေခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလတို့အတွက် သတိပေးနှိုးဆော်မှု၊ ပညာပေးလေ့ကျင့်မှု၊ အရေးပေါ်တုံ့ပြန်မှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတို့ဖြင့် ရင်ဆိုင်ကြရခြင်းဖြစ်ရာ နိုင်ငံသူ နိုင်ငံသားတို့၏ အရည်အချင်းပြည့်ဝမှု၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးမှုနှင့် လူသားစိတ်ဓာတ်တို့ဖြင့် သဘာဝဘေးအန္တရာယ်အပေါင်းကို ကျော်လွှားကြရမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်