နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာရေးအတွက် အစိုးရတစ်ရပ်တည်းကဆောင်ရွက်နေရုံဖြင့် ရည်မှန်းချက်သို့ ဆောလျင်စွာမရောက်နိုင်ပေ။ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုအားလုံးတို့က တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်ပေမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အရေးပါသည့်ကိစ္စရပ်များအား ခြုံငုံသိရှိနားလည်နိုင်ရန် အသိပညာ၊ အတတ်ပညာမြင့်မားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူဦးရေရာခိုင်နှုန်းများပြားလာရေး လိုအပ်သည်။
ထို့ကြောင့် အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားမြင့်မားသော ပညာတတ်မြောက်သူများ ပေါ်ထွက်လာစေရန် ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပညာကို ပြီးဆုံးအောင်သင်ကြားနိုင်ခဲ့ခြင်းမရှိသူများ၊ ပညာတတ်ရေးထက် အတန်းမှန်အောင်ရေး ဆောင်ရွက်ခဲ့ရသည်များကြောင့် အသိဉာဏ်ပညာ၊ ဗဟုသုတနှင့်ပိုင်းခြားဝေဖန် ဆင်ခြင်ဉာဏ်အပိုင်းတွင် အားနည်းမှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံရေးနှင့်တိုင်းပြည်အရေးကို ခွဲခြားနိုင်မှုအပိုင်း၌ အားနည်းသောကြောင့် ပညာတတ်၊ ပညာမတတ် လမ်းမှားရောက်သူများနှင့် တိုင်းပြည်အတွက် တန်ဖိုးရှိသော လူသားအရင်းအမြစ်များ အဟောသိကံဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့် အကျိုးဆက်ကို ရနေကြသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ပြည်သူများ အသိဉာဏ်ပညာ ဆင်ခြင်တုံတရားမြင့်မားစေမည့် ပညာရေးစနစ်ကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ဖက်တွင်လည်း လမ်းမှားရောက်နေသော လူငယ်လူရွယ်များ လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာအောင် လက်ကမ်းကြိုဆိုဖိတ်ခေါ်လျက်ရှိသည်။ အလုပ်လုပ်ကိုင်ရမည့်အရွယ်များ အလုပ်လုပ်ကိုင်စေလျက်၊ ပညာသင်ယူရမည့်အရွယ်များ ပညာသင်ယူစေလျက် အကျိုးရှိသောဘဝများကို ဖြတ်သန်းနိုင်အောင် ဆောင်ကြဉ်းပေးလျက်ရှိသည်။ စင်စစ်အားဖြင့် ပညာတတ်သည်နှင့်အတူ မိမိတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေပါသည်။ ထို့အပြင် ကိုယ်ကျင့်တရားကောင်းမွန်၍ ဆင်ခြင်တုံတရားများပြည့်စုံလာပြီး မကောင်းမှုများလျော့ကျလာကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ကျွဲကူးရေပါဖြစ်လာနိုင်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက လူငယ်လူရွယ်များအား အစွန်းရောက်နိုင်ငံရေးသမားအချို့နှင့် တိုင်းပြည်ကို ပျက်စီးစေလိုသော အတ္တသမားများက လမ်းမှားသို့ရောက်အောင် ပို့ဆောင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့ကာလတွင် ဆိုရှယ်မီဒီယာများကိုအသုံးချ၍ အတွေးအမြင်လွဲမှားအောင် အလွယ်တကူလုပ်ဆောင်လာနိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာအားကောင်းနေသောကာလတွင် မိမိတို့၏ပညာကိုအခြေခံ၍ ဆင်ခြင်တုံတရား၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိသည့် ဉာဏ်ပညာပြည့်ဝနေရန် လိုအပ်ပါသည်။ လူတိုင်းသည် နိုင်ငံရေးကို ဆောင်ရွက်ခွင့်ရှိသော်လည်း နိုင်ငံ့အရေးကိုလည်း အလေးထားရမည်ဖြစ်သည်။ ယနေ့ကာလတွင် ပညာတတ်များပင် လမ်းမှားပေါ်သို့ ရောက်ရှိသွားနိုင်သည့် နိုင်ငံရေးဝါဒအားကောင်းနေသည်ကို သတိမူရမည်ဖြစ်သည်။ အသိဉာဏ်ပညာနည်းပါးနေသူများဆိုလျှင် အလွယ်တကူပင် လမ်းမှားပေါ်သို့ ရောက်ရှိနိုင်ပေသည်။
မျက်မှောက်ကာလတွင် နိုင်ငံအတွက် အကြီးမားဆုံးအန္တရာယ်မှာ လွဲမှားသောအတွေးအမြင်များ သွတ်သွင်းခံနေရခြင်းဖြစ်သည်။ ယင်းကို အသိဉာဏ်ပညာဖြင့်သာ ဆေးကြောသန့်စင်နိုင်မည်ဖြစ်၍ လူငယ်လူရွယ်များ ပညာသင်ကြားရေး၊ ပညာတတ်မြောက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာဖြင့် ဘဝများရှင်သန်၊ ဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်ပါသည်။ ပညာဖြင့်သာ မိမိဘဝကို တည်ဆောက်ရသလို ပညာဖြင့်သာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် တည်ဆောက်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဂုဏ်ဆောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “စာတတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာတတ်ကြသည်”ဟု ဆိုထားပါသည်။
ယနေ့ကာလတွင် နိုင်ငံတစ်ဝန်း၌ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များသည် အခက်အခဲအနှောင့်အယှက် ဖျက်ဆီးနေမှုများကြားမှ ပညာကို ကြိုးစားသင်ယူဆည်းပူးနေကြသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း အကြောင်းအမျိုးမျိုးဖြင့် လမ်းမှားသို့ရောက်ရှိသွားကြသော လူငယ်များအား ပြန်လည်ဖိတ်ခေါ်၍ ပညာဆက်လက်သင်ယူလိုသူများ ပညာဆည်းပူးခွင့်ရအောင် ဖော်ဆောင်ပေးနေသည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ ပညာတတ်မှ ဘဝလှ၍ မိမိနိုင်ငံပါ တိုးတက်မည်ဖြစ်၍ လူငယ်လူရွယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်