Skip to main content

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏စီမံကိန်း(၂၂)ခုအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေလွှဲပြောင်းပေးအပ်

နေပြည်တော် မတ် ၂၃

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၀)ဖြင့် မြန်မာနိုင်ငံ ဝန်ကြီးဌာန (၁၀)ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း(၂၂)ခုအတွက် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက် လက်မှတ် ရေးထိုးကြသည်။

တက်ရောက်

လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် စီမံကိန်းအကောင်အထည် ဖော်မည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်အရာရှိ ကြီးများနှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တရုတ်နိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စီမံကိန်း(၂၂)ခုအတွက် အမေရိကန်ဒေါ်လာ (၆ ဒသမ ၇) သန်းကျော်ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သတင်းအချက်အလက်နည်းပညာ၊ တရားဥပဒေစိုးမိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေ(၂၀၁၇)ဖြင့် စီမံကိန်း (၁၀)ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း ကိုလည်းကောင်း၊ မဲခေါင် - လန်ချန်း အထူးရန်ပုံငွေ (၂၀၁၈)ဖြင့် စီမံကိန်း(၁၉)ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ သန်းကိုလည်းကောင်း မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

(၄)နှစ်မြောက်နှစ်ပတ်လည်နေ့

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ - တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန်း၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်နေ့သည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်တွင် ပေါင်းစည်းဆက်နွှယ်ရေး၊ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟူသည့် ဦးစားပေး နယ်ပယ်(၅)ခုဖြင့် စတင်ပူးပေါင်းဆောင်ရွက်လျက်ရှိခဲ့ရာမှ နောက်ပိုင်းတွင် မဲခေါင်ဒေသ၏ လိုအပ်ချက်များအရ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင်လည်း တိုးချဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

သတင်းစဉ်