နေပြည်တော် မတ် ၂၃
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယ အကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦးက ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက် တွင် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်း စခန်း၊ ရဲစခန်းနှင့် တပ်မတော်တပ်ရင်း တို့အား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင် (Independent Commission of Enquiry – ICOE)၏ အပြီးသတ် အစီရင်ခံစာ အရ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် အဓိကအားဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့ တောင်မြို့နယ်များအတွင်း နေရာ ၁၃ ခု ၌ ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အရေးယူပြီး၊ အရေးယူဆဲ၊ စုံစမ်းစစ်ဆေး အရေးယူမည့်အမှုများကို စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူမည့် အမှုများအနက်မှ ဦးစားပေးဆောင်ရွက်မည့် အမှုများကို ယခုအစည်းအဝေးတွင် တင်ပြရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းချမှတ်ခဲ့ သော အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပူးပေါင်းစုံစမ်း စစ်ဆေးရေးအဖွဲ့ (Task Force) ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက် ရေးအဖွဲ့၏ အမိန့်အမှတ်၊ ၁/၂၀၂၀ ဖြင့် ထပ်မံဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးတွင် ပထမသတင်းပေး တိုင်ချက်ဖွင့်လှစ်ရန် လျာထားသည့် အမှုစာရင်းများ ဆွေးနွေးညှိနှိုင်း အတည်ပြုပြီး အမှုဖွင့်လှစ်နိုင်ရန် စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမှုဖွင့်လှစ်ဆောင်ရွက် ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ မြန်ဆန်ထိရောက်စေရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ICOE အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ပြစ်မှုများကျူးလွန်သူများအား စုံစမ်းဖော်ထုတ် တရားစွဲဆိုနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေး ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်