နေပြည်တော် မတ် ၂၃
COVID-19 ရောဂါကုသရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Coronavirus Disease 2019 (COVID-19) ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက COVID-19 ရောဂါနှင့်ပတ်သက်ပြီး တပ်မတော်မှ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေ ရောဂါအထူးကုဆေးရုံကြီး(ဝေဘာဂီ)သို့ ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ ရေသန့်စက်တစ်လုံးနှင့် ပြည်သူ့ဆေးရုံများသို့ ငွေကျပ် ၁၄၄၇ သိန်းကျော် တန်ဖိုးရှိ COVID-19 ရောဂါကုသရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဌာနမှူး ဒေါက်တာထွန်းမြင့်က လက်ခံရယူသည်။
ယင်းနောက် စေတနာရှင်အလှူရှင်များက COVID-19 ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က လက်ခံ ရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့ပြုလုပ်သောအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ COVID-19 ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှုအနေဖြင့် အလှူငွေ ကျပ်သိန်း ၁၄၈၀ ၊ Ventilator ခြောက်လုံး၊ Portable Ventilator အစုံ ၆၀၊ Oxygen ငါးလုံးနှင့် လူဦးရေ ၂၀၀၀၀ အတွက် Test Kit များကို လှူဒါန်းကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံနှင့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးတို့တွင် COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် စောင့်ကြပ်ကြည့်ရှုရမည့်သူများထားရှိမည့် ကုသဆောင်၊ ဆေးသိုလှောင်ခန်း၊ ထမင်းစားခန်းနှင့် အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit -ICU)၊ ခန္ဓာကိုယ်ကာကွယ်ရေးဝတ်စုံ (Personal Protetive Equipment - PPE) စသည်တို့ ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ယခင်က COVID-19 ရောဂါ စောင့်ကြည့်ကုသရေးအတွက် တပ်မတော်ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံတစ်ခုကိုသာ သတ်မှတ်ပြင်ဆင်ခဲ့ရာမှ တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး၌လည်း ပြင်ဆင်စောင့်ကြည့်ကုသနိုင်ရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက် သွားရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်