Skip to main content

မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၄

မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌  ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က ယနေ့အစည်းအဝေး သည် အမျိုးသားမြေအသုံးချမှုကောင်စီ၏ မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှု စီမံကိန်းရေး ဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ တွင် နိုင်ငံတော် သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု လည်းကောင်း၊  နိုင်ငံပိုင် သယံဇာတ ပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းရမည်ဟုလည်းကောင်း၊ နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်၊ အသုံးချနိုင်ရန် အတွက် လိုအပ်နေသည့် အမျိုးသား မြေအသုံးချမှု မူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန် ကြေညာခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒပါရည်ရွယ် ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း။

ထို့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီသည် ကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက် စွာအကောင်အထည်ဖော်နိုင်ရေး မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲ အသုံးပြုနိုင်ရန်အတွက်မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

ယခုကျင်းပသည့် အစည်းအဝေးတွင် ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အမျိုးသားမြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၊ လုပ်ငန်းများကို အမျိုးသားမြေအသုံးချမှု မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အကောင် အထည်ဖော်ခြင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အမျိုးသား မြေအသုံးချမှု စီမံကိန်းများကို တစ်နိုင်ငံလုံးအတွက် အသစ်ရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မူများ၊ မဟာဗျူဟာလုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း စသည့်လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေနှင့် မိမိတို့၏ အခန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက် ကျရာ နေရာမှပါဝင်ပြီး ကြိုးပမ်းထမ်းဆောင်ကြရန် ပြောကြားလိုပါကြောင်း။

မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားမြေအသုံးချမှုကောင်စီမှ မြေသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရေး မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များကို အမျိုးသား မြေအသုံးချမှုမူဝါဒနှင့်အညီ စနစ် တကျ ရေးဆွဲအသုံးပြုနိုင်ရန်အတွက် အဖွဲ့ဝင်များအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ညှိနှိုင်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အမျိုးသားမြေအသုံးချမှုကော်မတီ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမြေအသုံးချမှု ကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် EU ၊ SDC တို့အကြား RoD ရေးထိုးခြင်းနှင့် EU အထောက်အပံ့နှင့်  FAO မှ ဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးပြီး တက်ရောက်လာသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရေးရာကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ဌာနများမှ အကြီးအကဲများနှင့် အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဆွေးနွေးကြသည်။

(သတင်းစဉ်)