Skip to main content

ဘိုးဘေးတို့၏ စိတ်ဓာတ်အမွေခံ

ဗိုလ်ချုပ်အောင်ဆန်းသည် ခေတ်သစ်မြန်မာနိုင်ငံကို မွေးဖွားသူဖြစ်ပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေး တံခါးဝသို့ ပို့ဆောင်ပေးခဲ့သူဟူ၍ အိန္ဒိယနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက ဆိုခဲ့သည်။ အာရှတိုက်၏ ပဒေသရာဇ်နိုင်ငံတစ်နိုင်ငံဘဝမှ အရင်းရှင်နယ်ချဲ့ ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ခဲ့ရသော မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော်ကြာခဲ့ပြီးသည့်နောက်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ နိုင်ငံအဖြစ်သို့ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။

အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားသည့် သခင်နု၏ အသံလွှင့် မိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို ပြောကြားရာ၌ “ဗိုလ်ချုပ်ရဲ့ ဖြူစင်တဲ့စေတနာ၊ တည်ကြည်တဲ့ သမာဓိတွေကို အားကိုးနဲ့ ကျွန်တော်တို့ရဲ့ တစ်သက်မှာဖြင့် တစ်ခါမှမကြုံဖူးအောင် တစ်တိုင်းတစ်ပြည်လုံးဟာ ထူးထူးကဲကဲကြီး စည်းလုံး ညီညွတ်လာပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ဗမာ တောင်ပေါ်မြေပြန့် တိုင်းရင်းသားများ အားလုံး ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်စွဲနှင့် ကြည်ညို ယုံကြည်မှုမှ အစပြုကာ ရင်းနှီးချစ်ကြည် သွေးစည်း ညီညွတ်ခဲ့ကြပြီး တစ်နိုင်ငံလုံး စည်းလုံးခဲ့သည်။ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိသည့် မြန်မာ့ရာဇဝင်ကို လှန်လှော ရှာဖွေလျှင် မြန်မာတို့ ယင်းသို့ စည်းလုံးညီညွတ်မှု မျိုးသည် - (၁) အနော်ရထာ မင်းလက်ထက်တွင် တစ်ကြိမ်၊ (၂) ဘုရင့်နောင် လက်ထက်တွင် တစ်ကြိမ်၊ (၃) အလောင်းဘုရား လက်ထက်တွင် တစ်ကြိမ်၊ (၄) ဆင်ဖြူရှင် လက်ထက်တွင် တစ်ကြိမ် ဤလေးကြိမ်သာ ရှိခဲ့ဖူးရာ လွတ်လပ်ရေးအကြိုကာလ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးစွမ်းဆောင်မှုဖြင့် မြန်မာတစ်နိုင်ငံလုံး စည်းလုံးညီညွတ်ခဲ့မှုမှာ ပဉ္စမအကြိမ်ဟု ဆိုရမည်ဖြစ်သည်။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကို လွတ်လပ်ရေး တံခါးဝသို့သာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးကို ကိုယ်တွေ့မျက်မြင် တွေ့ရှိမသွားနိုင်ခဲ့။ လွတ်လပ်ရေးရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ဝါဒရေးရာ၊ လူမျိုးရေးရာတို့ကို အကြောင်းပြုကာ စည်းလုံးညီညွတ်မှုတို့ အက်ကြောင်းထင်ခဲ့သည်။ လွတ်လပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းတည်ဆောက် ကြရမည့်အစား အာဏာနိုင်ငံရေး ဝဲဩဃအတွင်း ကျရောက်သွားခဲ့သလို ဒုတိယ ကမ္ဘာစစ်တလင်းဘဝသို့ နှစ်ကြိမ် ကျရောက်ခဲ့ရသဖြင့် ပြာပုံဘဝရောက်ခဲ့သည့် နိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင် စစ်မီးတို့ တောက်လောင်ကာ နိုင်ငံပြိုကွဲမတတ် ဖြစ်ခဲ့ရသည်။

ယခုအခါ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်မှာ နှစ်ပေါင်း ၇၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးသည်ပင် လာမည့်နှစ်တွင် စိန်ရတု ပြည့်မြောက်တော့မည်။ လွတ်လပ်ရေး ရယူခဲ့ခြင်း၏ မျှော်မှန်းချက်များမှာ နိုင်ငံသူ နိုင်ငံသားအားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့ နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိရေး၊ လူတစ်ဦးတစ်ယောက်၊ တစ်မျိုးသားလုံး တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်ရေး၊ နိုင်ငံသူ နိုင်ငံသားတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်စိတ္တ အဆင့်အတန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ရေး အတွက်ဖြစ်ရာ ၇၅ နှစ်တာကာလအတွင်း မိမိတို့မည်မျှ ခရီးပေါက်နိုင်ခဲ့သည်ကို ပြန်လည်ဆန်းစစ်ကာ သမိုင်းသင်ခန်းစာ ယူနိုင်ကြရန်နှင့် နိုင်ငံ အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးကို ဘိုးဘေးတို့၏ စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တည်ဆောက်နိုင်ကြရန် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်