Skip to main content

ထူးမြတ်သည့် ဓမ္မစကြာအခါတော်နေ့

“သန္ဓေ တောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ” ဟူသော မြတ်ဗုဒ္ဓ၏ ထူးမြတ်သော ဖြစ်စဉ်လေးမျိုး ဤဝါဆိုလပြည့်နေ့တွင် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ထူးမြတ်သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ ဖြစ်ပေသည်။ ဤနေ့ဤရက်တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍၊ ထူးကဲသာလွန် တရားမြတ်ကို ရည်စူး၍၊ ပူဇော်ထိုက်သော သံဃာတော်ကို အလေးအမြတ်ထား၍ ကုသိုလ်အဖြာဖြာတို့ကို ပြုလုပ်ကြပြီး ဘေးဘယာ ဝေးကွာ ကောင်းကျိုး ပွားတိုးကြအောင် အားထုတ်သင့် ပေသည်။

ဘုရားအလောင်းတော်သည် ဘဝများစွာ သံသရာအဆက်ဆက်တို့၌ ထူးကဲသာလွန်သည့် ပါရမီအမျိုးမျိုးတို့ကို ဖြည့်ကျင့်ပြီးနောက် တုသိတာနတ်ပြည်မှာ စုတေကာ မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့တွင် မယ်တော်မာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်တော်မူသည်။ ဘုရားအလောင်းသည် သက်တော် ၂၉ နှစ်အရွယ်၌ “သူအို၊ သူနာ၊ သူသေ၊ ရဟန်း” ဟူသော နိမိတ်ကြီး လေးပါးကို မြင်တော်မူသဖြင့် မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့၌ တောထွက်၍ ရဟန်းပြုတော်မူသည်။ ရဟန်းဖြစ်၍ ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင်ကျင့်သောအခါ တရားမရနိုင်သည်ကို ဆင်ခြင်တော်မူပြီး “မဇ္စျိမပဋိပဒါ” အလယ်အလတ် လမ်းစဉ်ဖြင့် ကျင့်တော်မူပြီး ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းပါးအနီး မဟာဗောဓိပင်ရင်း၌ အတုမရှိ သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။

ဘုရားဖြစ်တော်မူသောအခါ ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဦးကို ဟောတော်မူသည်။ ဘုရားရှင်အား ခမည်းတော်သုဒ္ဓေါ ဓနမင်းကြီးနှင့် ဆွေတော်မျိုးတော်တို့က ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတော်သို့ ပင့်ဆောင် ကြိုဆိုသောအခါ ငယ်ရွယ်သောဘုရားရှင်အား ဦးချကန်တော့ရန် ဝန်လေးနေကြသည်။ ထိုအခါ ဘုရားရှင်သည် ရေအစုံ၊ မီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူပြီး သာကီဝင် ဆွေတော်မျိုးတော်တို့၏ မာနကို ပယ်ချတော်မူသည်။ ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် သန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ပဉ္စဝဂ္ဂီ ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာကီဝင်မင်းမျိုး ဆွေတော်မျိုးတော်တို့ကို တန်ခိုးပြာဋိဟာ ပြတော်မူသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ အနှစ်သာရမှာ တရားအပေါင်းတို့တွင် ထူးကဲသာလွန်သော ဓမ္မစကြာ တရားဦးဖြစ်သည်။ ဓမ္မစကြာဟုခေါ်တွင်သော ဓမ္မစက္ကပဝတ္တန သုတ်တော်ကို မြတ်စွာဘုရား ဟောကြားတော်မူပြီးနောက် အတုမရှိ သဗ္ဗညုဘုရားရှင် ဖြစ်တော်မူသည်။ မြတ်စွာဘုရားရှင်သည် လောကလူသား ဝေနေယျများသတ္တဝါတို့အား သံသရာမှ လွတ်မြောက်ရာ ကျင့်စဉ်ဖြစ်သော သစ္စာလေးပါးမြတ်တရား၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့ကို ဟောပြတော်မူခဲ့သည်။ လောကတွင် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးသည် ဆည်းကပ် ကိုးကွယ်ထိုက်ရာ ဖြစ်ပြီး လောကလူသားများ၏ ကောင်းကျိုးများကို ဆောင်ကြဉ်းပေးသည်။ မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦးကို မဟောကြားမီက ဘုရားရတနာ၊ တရား ရတနာသာ ပေါ်ထွန်းသေးသည်။

ဝါဆိုလပြည့် ဓမ္မစကြာ တရားဦးဟောရာ ဤနေ့ကား မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ၊ လလည်းထွက်ပြူချိန်ဖြစ်သော ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန် ဖြစ်သည်။ နေလ နက္ခတ်တာရာနှင့် ပျားပန်းခပ်မျှ တရားနာလာကြသော နတ်ဗြဟ္မာတို့၏ အရောင်အဝါများ၊ တစ်လောကလုံး အခါမဲ့ပွင့်သော ပန်းမာန်များကြောင့် လောကတစ်ခွင် ထွန်းလင်းတောက်ပပြီး လောက၌ အထူးခြားဆုံး နေ့တစ်နေ့ဖြစ်သည်။ လပြည့်ကျော် ၁ ရက်နေ့မှ လေးရက်တိုင်တိုင် ဓမ္မစကြာတရားတော်အတိုင်း ကျင့်ကြံအားထုတ်တော်မူရာ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိလေးဦးတို့သည် တစ်ရက်ပြီးတစ်ရက် တစ်ပါးပြီးတစ်ပါး သောတာပန် တည်ကြလေသည်။ ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် အနတ္တ လက္ခဏသုတ္တန်ကိုဟောတော်မူရာ ပဉ္စဝဂ္ဂီငါးပါးစလုံး ရဟန္တာဖြစ်တော်မူသည်။ ထိုနေ့မှစ၍ “သံဃရတနာ”ဟူ၍ ပေါ်ထွန်းလာသည်။

သို့ဖြစ်ရာ ဝါဆိုလပြည့်နေ့သည် ထိုကဲ့သို့သော ထူးကဲမွန်မြတ်သည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံခြင်းတွင် သံဃာတည်းဟူသော ဂုဏ်သည် အထူးပြုထိုက်ပါသည်။ ဤအချိန်အခါသည် ရဟန်းတော်တို့ ဝါဆိုဝါကပ်သော ကာလဖြစ်၍ ဝါဆိုလ ဝါတွင်းကာလတွင် ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တို့ကို အာရုံပြုကာ ဝါဆိုတော်မူကြသော သံဃာတော်တို့အား ဆည်းကပ် ပူဇော်ခြင်းဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ကြိုးပမ်း အားထုတ်သင့်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်