Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေးဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဇူလိုင် ၁၀ ရက်နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ပြီး ယင်းနေ့ဒေသ စံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ Sheremetyevo (ရှဲလ်ယယ် မြဲကျဲဗာ) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin (အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့သည့် ယင်းနေ့ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် မော်စကိုမြို့၊ Metropol ဟိုတယ် ဧည့်ခန်းမဆောင်၌ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Dmitriev Mikhail Arkadievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွင် စစ်ဘက်-အရပ်ဘက် သင်တန်းသားများ စေလွှတ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ကိုးကွယ်ရာဘာသာနှစ်ခု ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ပြီး ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည့် အခြေအနေများ၊ အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၁၁ ရက်တွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Polyakov (အီဗန် ပါလျာကော့) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ခေတ္တတည်းခိုနေထိုင်သည့် Metropol ဟိုတယ်ဧည့်ခန်းမ၌တွေ့ဆုံ၍ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့နိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာလိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်ကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations သို့ သွားရောက်၍ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အလက်စီ လီခါချော့ဖ်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း။

ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” သို့ သွားရောက်၍ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr.Dmitry Rogozin (ဒီမီတရီ ရာဂိုဇင်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကိုလည်းကောင်း တစ်ဖွဲ့ချင်းစီအလိုက် သီးခြားစီတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ၊ Rosatom State Corporations ၏ အထွေထွေညွှန်ကြားရေးမှူးချုပ်၊ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom State Corporations တို့သည် နားလည်မှုစာချွန်လွှာတစ်ရပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို သံရုံး၊ စစ်သံရုံး မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြသည်။ ထို့နောက် သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတစ်ခုနှင့်တစ်ခု ဆက်ဆံဆောင်ရွက်ရာတွင် သံတမန်ဆက်ဆံရေးသည် အရေးကြီးပြီး စစ်ဘက်၊ နယ်ဘက် ဆက်ဆံရေးကောင်းမွန်စေရန် အကောင်အထည်ဖော် ပေးကြရသူများဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အဆက် စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိခဲ့ကြောင်း၊ သံရုံး၊ စစ်သံရုံးများတွင် တာဝန်ထမ်းဆောင်နေကြရသူများသည် ရေခြား၊ မြေခြားတွင် နိုင်ငံတော်၏တာဝန်များကို လာရောက်ထမ်းဆောင်နေကြရသူများဖြစ်သဖြင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသည့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးကြရမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်မည့် ရုရှားနိုင်ငံသားများကိုလည်း အဆင်ပြေချောမွေ့စေရေး ချိတ်ဆက်ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦးနှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ၊ ထူးချွန်ဆုရ အမျိုးသား၊ အမျိုးသမီး အရာရှိများသည်လည်း မော်စကိုမြို့ရှိ ရင်ပြင်နီ၊ Zaryadye ပန်းခြံ၊ Paryashchiy တံတားနှင့် VDNKh ပန်းခြံတို့သို့ သွားရောက်လေ့လာကြည့်ရှုကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံရုံး၊ စစ်သံရုံးများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ညပိုင်းတွင် မော်စကိုမြစ်အတွင်းရှိ သင်္ဘောပေါ်၌ Rosoboronexport ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mr. Alexander Mikheev (အလက်ဇန်းဒါး မိခေးယက်ဖ်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ခရီးစဉ်တွင် လိုက်ပါလာခဲ့သည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြစ်အတွင်း သင်္ဘောဖြင့် လှည့်လည်ကြည့်ရှု၍ မော်စကိုမြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။