Skip to main content

မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူ စေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနဿရ၊ တိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်) တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Konstantin Losifovich Kosachev၊ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin (အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့အစည်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရအရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဧည့်သည်တော်များ၊ စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းမှ ဧည့်သည်တော်များ၊ မော်စကိုထေရဝါဒဗုဒ္ဓ အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ သံရုံးများမှ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ၊ ဗုဒ္ဓဘာသာဝင် ရုရှားနိုင်ငံသားများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါး သီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကိုယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် တက်ရောက်လာကြသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်း များအား သီတဂူဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပင့်ဆောင် ပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများ၊ သံအမတ်ကြီးများ က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်၍ ပရိတ်နံ့သာရည် များ ပက်ဖျန်းကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ရွှေစည်းခုံပုံတူစေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး သီတဂူ ဆရာတော်ဘုရားကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ် ဝမ်းမြောက်ဩဝါဒစကားမြွက်ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဝမ်းမြောက်ကြောင်းလျှောက်ထားရာတွင် မော်စကိုမြို့အနီး ကာလုဂါပြည်နယ်တွင် တည်ထားလျက်ရှိသည့် ပထမဆုံးသော ထေရဝါဒဗုဒ္ဓဘာသာစေတီဖြစ်သည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် ကုသိုလ်ပြုခွင့်ရရှိခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ စေတီတော်ကြီးကို ဗုဒ္ဓဘာသာ သာသနာတော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတည်တံ့ နေစေရန်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်လာစေရန်၊ အရှေ့တိုင်း ဗုဒ္ဓယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကိုပြသရန်ရည်ရွယ်၍ ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးကို တည်ထားခဲ့ခြင်းဖြစ်ကြောင်း။

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုစာရင်းဝင် ပုဂံမြို့တွင်တည်ရှိသည့် မူလရွှေစည်းခုံ စေတီတော်မြတ်ကြီးကို ပထမမြန်မာနိုင်ငံတော်စတင်တည်ထောင်ခဲ့သည့် အနော်ရထာ မင်းတရားကြီးက ရှင်အရဟံမထေရ်မြတ်၏ ဩဝါဒခံယူ၍ လွန်ခဲ့သည့် ၉၆၃ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အနော်ရထာမင်း နတ်ရွာစံတော်မူပြီးနောက် သားတော် ကျန်စစ်သားမင်းက ဆက်လက်တည်ဆောက်ခဲ့ပြီး လွန်ခဲ့သည့် ၉၃၂ ခုနှစ်ခန့်တွင် ပြီးမြောက်ခဲ့ကြောင်း၊ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးခဲ့သည့်နှစ်အထိ နှစ်ပေါင်း ၃၁ နှစ်ကြာ တည်ဆောက်ခဲ့ပြီး ပုဂံရှိ နှစ်ထပ်စေတီတော် ၄၅ ဆူအနက် တစ်ဆူအပါအဝင်ဖြစ်ကြောင်း၊ ထိုသို့သော သမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှု အစဉ်အလာ ထူးကဲပြည့်စုံသည့် ရွှေစည်းခုံစေတီတော်မြတ်ကြီးကို ရုရှားနိုင်ငံတွင် လာရောက်တည်ထားခြင်းသည် ရုရှား-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်း။

ထို့အပြင် ရုရှားနိုင်ငံနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်မာထေရဝါဒဗုဒ္ဓစင်တာ ကျောင်းတော်ကြီးကို တည်ထောင်နိုင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ တရားအားထုတ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းမှုဖြင့် သဒ္ဓမ္မဇောတိက သိမ်တော်ကြီးနှင့် ရွှေတိဂုံစေတီ ပုံတူအထွတ်တင်စေတီကို မြန်မာနိုင်ငံမှ သံဃာတော်အရှင်သူမြတ်များ ပင့်ဆောင်၍ ပန္နက်ချမင်္ဂလာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လတွင် မိမိနှင့်အတူ အစိုးရအဖွဲ့ကိုယ်စားလှယ်များက ရွှေတိဂုံစေတီပုံတူ အထွတ်တင်စေတီကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခဲ့ပြီး သဒ္ဓမ္မ ဇောတိက သိမ်တော်ကြီးကို ရေစက်ချလှူဒါန်းနိုင်ခဲ့ပါကြောင်း။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပထမဆုံးမြန်မာ့ယဉ်ကျေးမှု လက်ရာအပြည့်ဖြင့် ရွှေစည်းခုံ ပုံတူစေတီတော်ကြီး ယခုကဲ့သို့ တည်ထားနိုင်ရန်အတွက် မြန်မာနိုင်ငံမှ စေတနာရှင် အလှူရှင်များ၊ မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မတည်လှူဒါန်းမှုနှင့် သီတဂူဆရာတော်ကြီး ကိုယ်တော်တိုင် ၁၀ ကြိမ်တိုင်တိုင် ကြွရောက်ကြိုးပမ်းတော်မူခဲ့ပြီး သီတဂူဗုဒ္ဓဝိဟာရ(မော်စကို)တွင် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာတော်များ၊ သံအမတ်ကြီးများ၊ စစ်သံမှူးများ ဦးဆောင်စီမံကြီးကြပ်မှုနှင့် မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ရုရှားနိုင်ငံမှ ဒါယိကာ၊ ဒါယကာမများ စုပေါင်း၍ ဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘာသာ၊ သာသနာ ဟူသည်မှာ လူတို့၏ စိတ်နှလုံး‌အေးချမ်းမှု၊ ငြိမ်းချမ်းသာယာမှုကို အထောက်အပံ့ပြုစေပါကြောင်း၊ သို့ဖြစ်၍ ယခု စေတီတော်မြတ်ကြီးသည်လည်း ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးအေးချမ်းမှု၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ ခိုင်မြဲသည့် အေးချမ်းသာယာမှုကို ခိုင်မာစွာ ဆောင်ကြဉ်းပေးမည်ဟု မိမိအနေဖြင့် အပြည့်အဝ ယုံကြည်ပါကြောင်း၊ ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီး တည်ထားနိုင်ရေးအတွက် ကြိုးပမ်းတော်မူခဲ့သည့် သီတဂူဆရာတော်ဘုရားကြီးနှင့် သီတဂူဗုဒ္ဓဝိဟာရ (မော်စကို)မှ ဆရာတော်များအား ကျေးဇူးဥပကာရတင်ရှိပါကြောင်း။

ထို့အပြင် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ပေးသည့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲနှင့် တာဝန်ရှိသူများ၊ သံအမတ်ကြီးများနှင့် သံရုံးမိသားစုဝင်များ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်မှ တာဝန်ရှိသူများ၊ စေတီတော်ကြီး ဖြစ်မြောက်ရေးအတွက် လှူဒါန်းခဲ့ကြသည့် ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင် အလှူရှင်များ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

ယနေ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပြီးစီးသည့် ရွှေစည်းခုံ ပုံတူစေတီတော်မြတ်ကြီးသည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် စေတီတော်မြတ်ကြီး နှစ်ပေါင်းရှည်ကြာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။

ယင်းနောက် လားမားဘုန်းတော်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ဝမ်းမြောက်စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် လားမားဘုန်းတော်ကြီးက သီတဂူဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့အား ဓမ္မလက်ဆောင်များပေးအပ်ခဲ့ပြီး သီတဂူဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က တက်ရောက်လာကြသူများကို ဓမ္မလက်ဆောင်များ အသီးသီးပြန်လည်ပေးအပ်သည်။

၎င်းနောက် ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူ စေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားအောင်ပွဲ အထိမ်းအမှတ်နှင့် ကမ္ဗည်းမော်ကွန်းကျောက်စာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် ရုရှား ရှုခင်းပန်းချီပညာရှင် Mr. Alexander Alexandrovich Shilov က ၎င်းကိုယ်တိုင်ရေးဆွဲထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ပုံတူပန်းချီကားချပ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်သည်။

ယင်းနောက် သီတဂူဆရာတော်ဘုရားကြီး အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသည့် မြန်မာ့တပ်မတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့တို့မှ အရာရှိကြီးများက အောင်ခေါင်းလောင်းတော်အား သုံးချက်ထိုးခတ်ပူဇော်၍ မေတ္တာပြုပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သစ်သီး(၉)မျိုးနှင့် မြသပိတ်ဆွမ်းတော်တို့ကို ကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရုရှားအထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က စေတီတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အသီးသီးလက်မှတ်ရေးထိုးပူဇော်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး အခမ်းအနားတက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လည်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသား အရာရှိများအား ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ယခု ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ လာရောက်စဉ် အခွင့်ကြုံသဖြင့် သင်တန်းသားများကို တွေ့ဆုံခြင်းဖြစ်ပြီး ယခုကဲ့သို့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာ မဟာမင်္ဂလာအခမ်းအနားကို သင်တန်းသားအရာရှိများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြရသဖြင့် ကုသိုလ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွားစေရန်နှင့် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်စေရန် စေတီတော်ကြီးကို တည်ဆောက်ပူဇော်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ကိုးကွယ်ရာဘာသာတရားနှင့် ပတ်သက်၍ ယုံယုံကြည်ကြည်ဖြင့် လေးလေးနက်နက် ဆောင်ရွက်ကြစေလိုပြီး ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ မေတ္တာတရားလက်ကိုင်ထား၍ မှန်မှန်ကန်ကန်ပြောဆိုနေထိုင် ဆက်ဆံကြစေလိုကြောင်း။

ရေခြား၊ မြေခြားတွင် ကာလရှည် သင်တန်းတက်ရောက်နေကြသည့် အရာရှိများ ဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း မှန်မှန်ကန်ကန် သိရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွား လာခြင်းဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရေးကို ခိုင်ခိုင်မာမာဖြစ်စေရန် တပ်မတော်က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

၁၉၈၈ ခုနှစ်၌ ပြည်သူလူထုအနေဖြင့် တစ်ပါတီအုပ်ချုပ်မှုကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေးကျဆင်းခြင်းတို့ကြောင့် တိုင်းပြည်၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအခြေအနေအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ ပြည်ပနိုင်ငံများ၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဝင်ရောက် ထိန်းသိမ်းခဲ့ရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် အစဉ်အဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရတစ်ရပ် တက်လာခဲ့ကာ တပ်မတော်နှင့် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး နိုင်ငံရေးအရအသုံးချ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး နယ်ပယ်တို့တွင် ဥပဒေကိုလက်တစ်လုံးခြားအသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ထို့နောက် ရွေးကောက်ပွဲမတိုင်မီ လှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တို့တွင်လည်း မသမာသော နည်းလမ်းများဖြင့် အနိုင်ရရှိနိုင်ရေး လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့နောက် မဲသမာမှုများကို ရှင်းလင်းဆောင်ရွက်ပေးရန် တပ်မတော်က တာဝန်ရှိသူအစိုးရအဖွဲ့သို့ ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် တပ်မတော်မှနိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖယ်စေမည်မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကို မှန်မှန်ကန်ကန်သိရှိနိုင်ရန်အတွက် ယခုကဲ့သို့ သမိုင်းဖြစ်စဉ်ဖြစ်ရပ်များနှင့်တကွ အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း။

နိုင်ငံတိုင်းသည် မိမိတို့၏ အကျိုးစီးပွားအတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအားထုတ်နေရမည်ဖြစ်ပြီး Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း၊ ရပ်နေပါက မိမိတို့တိုင်းပြည် နောက်ကျ ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်ရေးသည် အဓိကအရေးကြီးဆုံးဖြစ်သဖြင့် ပညာတတ် လူသားအရင်းအမြစ်များ ပေါကြွယ်ဝရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုအပ်ပြီး အမြဲမပြတ်လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်မှ ငွေကြေးအရင်းအနှီး၊ အချိန်အရင်းအနှီး များစွာကုန်ကျထားပြီး ပညာတော်သင်စေလွှတ်ပေးထားခြင်းဖြစ်သဖြင့် မိမိတို့၏ တစ်ဦးချင်းအတွက်၊ တပ်မတော်အတွက်၊ တိုင်းပြည်အတွက် အားကိုးအားထားရသည့် ပညာတတ်လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ စည်းကမ်းစနစ်တကျဖြင့် နေထိုင် သွားလာလှုပ်ရှားရမည်ဖြစ်ပြီး ဒေသန္တရထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာကြရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျနေထိုင်၍ ကျန်းမာရေး ကောင်းမွန်ရေးအတွက်ကိုလည်း တစ်ဦးချင်းအသိ၊ သတိဖြင့် ဂရုစိုက်နေထိုင်ကြရန် လိုကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြပြီး မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသား အရာရှိများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် တာတာစတန်ပြည်နယ်သမ္မတ Mr. Rustam Nurgaliyevich Minnikhanov (ရုစတန် နုဂါလိယယ်ဗစ်ချ် မင်နီခါ့နော့ဖ်) ၏ ဖိတ်ကြားမှုအရ အလုပ်သဘောချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ Sheremetyevo (ရှဲလ်ယယ် မြဲကျဲဗာ) အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။