Skip to main content

အခွင့်အလမ်းကိုအမိအရဆုပ်ကိုင် ကောင်းမွန်သည့်အနာဂတ်တည်ဆောက်

ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုကျဆင်းခြင်း၊ ရေရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့လာခြင်း စသည်တို့နှင့် ကြုံတွေ့လာရချိန်၌ လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲအမျိုးမျိုးနှင့် တစ်နေ့တခြား တိုးပွားလာသော ကမ္ဘာ့လူဦးရေတိုးတက်နှုန်း အရ အနာဂတ်တွင် ကမ္ဘာပေါ်၌ စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်ကျော်လွှားကြရတော့မည်ဖြစ်သည်။

ကမ္ဘာကြီးတွင် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၅၀၀၀ ပြည့်ခဲ့ပြီး နှစ်ပေါင်း ၃၅ နှစ်ကြာသည့် ယနေ့အခါတွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၇၉၀၀ ကျော်ရှိလာရာမှ မကြာမီကာလတွင် သန်းပေါင်း ၈၀၀၀ ပြည့်တော့မည်ဖြစ်သည်။ ကမ္ဘာ့လူဦးရေသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ လူဦးရေတိုးနှုန်း နှစ်စဉ်ပျမ်းမျှ တစ်ရာခိုင်နှုန်းဖြင့် တိုးပွားနေပြီး အာဖရိကနိုင်ငံအများစုတွင် လူဦးရေနှစ်ရာခိုင်နှုန်းမှ အချို့နိုင်ငံများတွင် သုံးရာခိုင်နှုန်းနှင့်အထက် တိုးပွားနေသည်။ ထို့ကြောင့် ခရစ်နှစ် ၂၀၅၀ ပြည့်နှစ်ကျော်လျှင် လူဦးရေသန်းပေါင်းတစ်သောင်းကျော် ရှိလာမည်ဖြစ်၍ တိုးပွားလာသည့်လူဦးရေနှင့်အတူ နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုမျိုးစုံတို့နှင့် ကြုံတွေ့ကြရတော့မည်ဖြစ်သည်။

ကမ္ဘာကြီးတွင် လူဦးရေသန်းပေါင်း ၈၀၀၀ ပြည့်လာခြင်းသည် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူ့သက်တမ်းပိုမိုရှည်လာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသေဆုံးမှု လျော့ကျလာခြင်းစသည့် ကောင်းမွန်တိုးတက်မှုများရှိလာသည်။ တစ်ဖက်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၌ မွေးဖွားနှုန်းနိမ့်ကျမှုနှင့်အတူ သက်ကြီးရွယ်အိုများ များပြားလာသည့်အတွက် လုပ်သားအင်အား ရှားပါးလာသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင်မူ အလျင်အမြန်တိုးပွားလာသော လူဦးရေ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အပြင်းအထန်လှုပ်ရှား ရုန်းကန်နေကြရသည်။ တစ်ဖက်တွင် ရာသီဥတုဖောက်ပြန်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာလိုအပ်ချက်များ မြင့်မားလာသည်။

လူဦးရေအလျင်အမြန်တိုးပွားလာသောကြောင့် ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် အလယ်အလတ်အောက်သာ ဝင်ငွေရရှိကြသော နိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှု လျော့ပါးရေးလုပ်ငန်းများ၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့်အခြား အရေးကြီးသည့် ဝန်ဆောင်မှုများ စသည့် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရသည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့လာရသည်။ ထို့ကြောင့် လူဦးရေဆိုင်ရာ ပြဿနာများကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး လိုက်လျောညီထွေတုံ့ပြန်နိုင်သည့် ခံနိုင်ရည်စွမ်းရည်ရှိသော အနာဂတ်ကိုပိုင်ဆိုင်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံအရွယ်အစား၊ အကျယ်အဝန်းနှင့် လူဦးရေတိုးပွားနှုန်းအရ နှစ်ပေါင်းများစွာ ချောင်ချောင်ချိချိ ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်သောနိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း သဘာဝသယံဇာတနှင့် ရေခံမြေခံကောင်းသည့် ပတ်ဝန်းကျင်ကောင်းများစွာရှိသဖြင့် တိုးပွားလာသောလူဦးရေနှင့် လိုအပ်လာသော စားနပ်ရိက္ခာလောက်င ဖူလုံမှုရှိသည့်အပြင် အပိုအလျှံများကို အခြားနိုင်ငံများသို့ပင် တင်ပို့ရောင်းချနိုင်သော အခြေအနေရှိသည်။ ယခုလက်ရှိတွင် ကမ္ဘာတစ်ဝန်းကျရောက်လာ သော ကပ်ရောဂါများနှင့်ပတ်သက်၍မူ မြန်မာနိုင်ငံအနေဖြင့် ခံနိုင်ရည်ရှိသော အခြေခံကောင်းများစွာ ပိုင်ဆိုင်ထား၍ အခြားနိုင်ငံများနှင့်မတူ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းရှိသည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “မိမိနိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိနေချိန်တွင် တိုးပွားလာသည့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့မှု လျော့ပါးသက်သာလာချိန်တွင် ပြန်လည်ကုစားရေး အစီအစဉ်များကို ဆောင်ရွက်ပြီးရရှိလာသည့်အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်အောင်ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲယူကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကမ္ဘာတွင် စိန်ခေါ်မှုများ များပြားလာသောကာလ၌ မြန်မာနိုင်ငံအနေဖြင့် ရရှိလာသောအခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး ကောင်းမွန်သော အနာဂတ်သစ်ကို ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။         

ကြေးမုံအယ်ဒီတာ့အာဘော်