Skip to main content

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော ပေါင်းစည်းညီညွတ်သည့် နှလုံးသားများ

ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ ဦးတည်မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရန်ဖြစ်သည်။ ဖက်ဒရယ်ဟူသည် နိုင်ငံပြိုကွဲခြင်း၏အစ၊ နိုင်ငံလဲပြိုကျသွားရန်အတွက် အက်ကြောင်းအဖြစ် အနက်ကောက်ခဲ့ကြရာမှ ဖက်ဒရယ်ဟူသည် တန်းတူရည်တူ၊ စိတ်တူကိုယ်တူ ပေါင်းစည်းညီညွတ်ခြင်းအဖြစ် ရှုမြင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးစုံတို့ အတူတကွနေထိုင်ရာ နိုင်ငံတော်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန် မျှော်မှန်းလာခြင်းလည်းဖြစ်သည်။ မတူကွဲပြားသည့် လူမျိုးစုများ၊ မျိုးနွယ်စုများအတူ ပေါင်းစည်းနေထိုင်ရာတွင် အပြန်အလှန် ရင်းနှီးချစ်ခင်မှု၊ နားလည်စာနာမှု၊ သွေးရင်းသားရင်းမိသားစုများအဖြစ် သဘောထားမှုတို့ စသည့် သွေးစည်းညီညွတ်မှု စိတ်ဓာတ်များ ရှင်သန်ထွန်းကားနေရန် အထူးလိုအပ်သည်။

မြန်မာ့လွတ်လပ်ရေးအတွက်ကြိုးပမ်းစဉ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ချစ်ခင်လေးစားမှုနှင့် အပြန်အလှန် ယုံကြည်ကိုးစားမှုများမှာ လွန်စွာအတုယူဖွယ်၊ ကြည်နူးဖွယ်ဖြစ်သည်ကို ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရပြီးနောက် ဝမ်းနည်းကြေကွဲကြောင်း အထိမ်းအမှတ် အဖြစ်တိုင်းရင်းသားခေါင်းဆောင်များ ပြောကြားခဲ့သည့် မှတ်ချက်များတွင် တွေ့ရသည်။ “ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿဟကြောင့်ပင်လျှင် မြန်မာနိုင်ငံတွင် ကြုံကြိုက်ခဲလှစွာသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ညီညွတ်မှုကို ယခုရရှိလျက်ရှိပါသည်။ အထူးသဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ အားအကိုးကြီးကိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသဖြင့် နယ်စပ်ဒေသတိုင်းရင်းသားများဟာ ယူကျုံးမရ တွေးမိတိုင်းဆွေးမြည့်ရသည့်အခြေသို့ ရောက်ရပါတော့သည်” ဟု ညောင်ရွှေစော်ဘွားကြီးက တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပြောကြားခဲ့သလို ကရင်အမျိုးသားခေါင်းဆောင် စောစံဘိုးသင်က “ဗိုလ်ချုပ်ဟာ ရန်သူကို ဘယ်လိုမိတ်ဆွေဖြစ်အောင် ပြန်လုပ်တတ်သလဲဆိုတာ အင်မတန်ထူးကဲတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ . . . သူ(ဗိုလ်ချုပ်)က ကျွန်တော်ကိုမေးတယ်၊ အဲသည်စစ်ကြီးပြီးတဲ့အခါမယ် ဘယ်အုပ်ချုပ်ရေးတည်တံ့မလဲလို့ သူမေးတယ်။ ကျွန်တော်က ပြောတယ်၊ မေတ္တာပေါ်မှာ တည်ဆောက်တဲ့အုပ်ချုပ်ရေးဟာ တည်လိမ့်မယ်” ဟူ၍ပြောကြားကာ “မြန်မာပြည်ကို အုပ်စိုးနိုင်မည့် အစိုးရဟာဗုဒ္ဓရာဇာစိတ်သဘောပါဝင်တဲ့လူများမှသာလျှင် အုပ်စိုးနိုင်တယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။ ဆမားဒူဝါ ဆင်ဝါနောင်က “ဗိုလ်ချုပ်၏ မြန်မာပြည်လွတ်လပ်ရေး လုပ်ငန်းစဉ်ကို ဗိုလ်ချုပ်ကိုယ်တိုင် ဆောင်ရွက်စဉ်က ဗိုလ်ချုပ် စေတနာရှိသလို၊ သတ္တိရှိသလို၊ မြန်မာပြည်၏ ကောင်းကျိုးချမ်းသာကို ဆက်လက်ဆောင်ရွက်နိုင်မှ ဗိုလ်ချုပ်တို့အား ကျေးဇူးဆပ်ရာရောက်မည်”ဟု ထည့်သွင်းပြောကြားခဲ့သည့်အပြင် “ရှေးရာဇဝင်အရ၊ တကယ်အဖြစ်အမှန်အရဆိုလျှင်လည်း ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသားအားလုံး၊ မြန်မာပြည်ရှိ လူအားလုံးဟာ တစ်အိမ်သားများသာ ဖြစ်တဲ့အတိုင်း မူလအခြေမှန်ကိုရောက်အောင် ဗိုလ်ချုပ်ပေါင်းစည်းထားခဲ့ပေတယ်” ဟူ၍လည်း ပြောကြားခဲ့သည်။

ထိုစဉ်က မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သွေးစည်းညီညွတ်မှုနှင့် ပေါင်းစည်းမှု စိတ်ဓာတ်များသည် မိမိတို့ခေတ်၏ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးနှင့် တိုင်းရင်းသားများအားလုံး ရာသက်ပန်အတူတကွ ပေါင်းစည်းနေထိုင်ရေးအတွက် ဆက်လက်အမွေခံယူရမည့် အမွေအနှစ်များပင်ဖြစ်ပါကြောင်း။။