မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်
ကော်ဖီဖြင့် လုပ်ငန်းမြှင့်တင်ဖော်ဆောင်ခြင်း
ရန်ကုန်တွင် ကော်ဖီကြိုက်နှစ်သက်သူများသည် လမ်းမထက်၌ အေးအေးလူလူ လမ်းလျှောက်ရင်း ကော်ဖီရဲ့ သင်းရနံ့ကိုရှူရှိုက်မိရာမှ ကော်ဖီဆိုင်ကောင်းကောင်းကို ရှာတွေ့မိနိုင်ပါသည်။ ဥပမာ - နှစ်တစ်ရာကျော်သက်တမ်းရှိ Strand Hotel ၌လည်းကောင်း၊ လူကြိုက်များလှသည့် ရွှေပုစွန် (Shwe Pu Zun) ၌လည်းကောင်း၊ နေရာအနှံ့ မြင်တွေ့နိုင်သည့် Gloria Jeans ဆိုင်ခွဲများ၌လည်းကောင်း၊ သို့မဟုတ် ကျွန်တော် ယခုတလော Central ၌ အမှတ်တမဲ့ တွေ့ရှိလိုက်သည့် ဆိုင်သစ် Original ၌လည်းကောင်း ကော်ဖီကောင်းကောင်းတစ်ခွက် သောက်သုံးနိုင်ပါသည်။ ဤဟောင်ကောင်မှ လူငယ်စွန့်ဦး တီထွင်သူတစ်စု ဖွင့်လှစ်သည့် ကော်ဖီဆိုင်သည် ပြုပြင်ထားသည့် မြန်မာ့ကော်ဖီ စစ်စစ်ကို လူသိများလာအောင် ဆောင်ရွက်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ကော်ဖီ တစ်ခွက်တွင် ကော်ဖီစေ့ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ လှော်ခြင်းတို့မှသည် ကိုယ်တိုင်ဖျော်စပ်သည်အထိ၊ မွှေးကြိုင်သည့်ရနံ့နှင့် အရသာတို့၌ ကော်ဖီထွက်ရှိရာ ဒေသ၏ သဘာဝတရားနှင့် ကော်ဖီဖန်တီး ထုတ်လုပ်သူတို့၏ အကောင်းဆုံးကိုလိုလားသည့် စိတ်ဓာတ်တို့ ပါဝင်နေပါသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ထွက်ရှိသည့် Arabica ကော်ဖီစေ့နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ထွက်ရှိသည့် Robusta ကော်ဖီစေ့တို့ အရသာပေါင်းစပ်လိုက်သည့် တစ်ခဏအတွင်းမှာ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ဝင်ရောက်လာပါသည်။ အခွင့်သာပါက ကျွန်တော် မိတ်ဆွေအပေါင်းအသင်းများကို Original ဆိုင်ကို ဖိတ်ခေါ်ပြီး မြန်မာ့ကော်ဖီကို ကြိုက်နှစ်သက်သွားအောင် မြည်းစမ်းစေချင်မိပါသည်။
မြန်မာ့ကော်ဖီ စိုက်ပျိုးမှုသမိုင်းသည် ကြာမြင့်ပြီ ဖြစ်သော်လည်း မြန်မာ့ကော်ဖီ စီးပွားဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်၌ အမည်ရလာသည်မှာ လတ်တလောနှစ်ပိုင်းတွင်မှသာ ဖြစ်ကြောင်း သိရှိရပါ သည်။ မြန်မာနိုင်ငံတစ်ဝန်း၌ လက်ရှိကော်ဖီစိုက်ပျိုးမှု အကျယ်အဝန်း ဧကငါးသောင်းခန့်ရှိပြီး ယင်းအနက် Arabica ကော်ဖီစေ့ ၈၀ ရာခိုင်နှုန်း စိုက်ပျိုးလျက်ရှိပါသည်။ အဓိကထွက်ရှိရာဒေသမှာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ပြီး နှစ်စဉ်ကော်ဖီ အထွက်နှုန်း တန်ချိန် ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ရှိပါသည်။ မြန်မာ့ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်လျက်ရှိသည့် အချိန်အခါ၌ ၂၀၁၈ ခုနှစ် တရုတ်-မြန်မာ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်ရှိ “လန်ချန်း-မဲခေါင်ဒေသ ကော်ဖီအထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရေး” (Improvement of Coffee Production and Coffee quality in Mekong- Lancang Region) စီမံကိန်းကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လာပါသည်။
စီမံကိန်းသည် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးရန် သင့်လျော်သည့် ဒေသအားသာချက်နှင့် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်အလျောက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူဦးရေ ၁၂၁၁၀ ပါဝင်သော ကော်ဖီစေ့ ခူးဆွတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထုတ်လုပ်ရေးဆိုင်ရာ သင်တန်း ပေးမှုများ ဖော်ဆောင်ခဲ့ပြီး အဓိကထွက်ရှိရာဒေသများမှ တောင်သူများထံသို့ ကြိတ်စက် ၁၂ လုံး၊ Arabica ကော်ဖီလမ်းညွှန် ၁၂ မျိုးနှင့် ကော်ဖီပျိုးပင် ၁၁၃၃၀၀ လက်ဆောင်ပေးအပ်ခဲ့ရာ ကော်ဖီစီမံကိန်းလေးမှ ဒေသ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ ဝင်ငွေတိုးပွားရေးအတွက် အခွင့်အလမ်းကောင်းများ ပိုမိုဖန်တီးပေးနိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံနှင့် ဒေသ ၃၁ ခုသို့ ကော်ဖီစေ့ ၁၁၁၉ ဒသမ ၄ တန် တင်ပို့နိုင်ခဲ့ရာ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၅ သန်းနီးပါး ရရှိခဲ့ပါသည်။ ထိုသို့ တင်ပို့ရာ၌ ထိုင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် တင်ပို့မှုအများဆုံး နိုင်ငံသုံးနိုင်ငံဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ တိုးတက်မှုအမြန်ဆုံးသော ကော်ဖီဈေးကွက် ဖြစ်လာပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အရည်အသွေးမြင့်ကော်ဖီ ဖြန့်ဖြူးခြင်း၊ တီထွင်ဆန်းသစ်ခြင်းတို့ တိုးမြှင့်ဆောင်ရွက်၍ အတွေ့အကြုံမျှဝေခြင်း၊ ဈေးကွက် ချိတ်ဆက်ခြင်း၊ အားသာချက်ချိတ်ဆက်ခြင်းတို့ အပြန်အလှန်ဆောင်ရွက်လာသည့်အလျောက် မြန်မာ့ကော်ဖီလုပ်ငန်း ပိုမို ကောင်းမွန်မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာရန် သေချာပေါက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်မိပါသည်။
အသေးစားစီမံကိန်းဖြင့် အလားအလာကောင်းများ ဖန်တီးခြင်း
၂၀၁၄ ခုနှစ် နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Keqiang သည် မြန်မာနိုင်ငံသို့လာရောက်၍ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံခေါင်းဆောင်များ အစည်းအဝေး တက်ရောက် စဉ်အတွင်း လန်ချန်းမြစ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက် ရေးယန္တရားကို ထူထောင်ရန် အဆိုပြုခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ခြောက်နိုင်ငံ အကြီးအကဲတို့သည် ဟိုင်နန်ပြည်နယ် စန်းယမြို့၌ ကျင်းပသည့် လန်ချန်း- မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပထမအကြိမ် ခေါင်းဆောင်များအစည်းအဝေးကို အတူတကွ တက်ရောက်ခဲ့ကြပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို အလုံးစုံ စတင်ဖော်ဆောင်ခဲ့ပါသည်။ လက်ရှိတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် “3+5+X” ပူးပေါင်းဆောင်ရွက်မှုမူဘောင် ဖြစ်ပေါ်လာပြီး နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Development) ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်း အပြန်အလှန် ထိတွေ့ဆက်ဆံ ရေးမဏ္ဍိုင် (Social, Cultural and People-to-People Exchanges) ဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် ပေါင်းစည်း ဆက်နွှယ်မှု (Connectivity) ၊ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့် ရေး ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation) ၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Water Resources) ၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Agriculture and Poverty Reduction) စသည့် နယ်ပယ်ငါးခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်ကြပြီး ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံ၏ လက်တွေ့လိုအပ်ချက်များနှင့် ပေါင်းစပ်ကာ အခြားနယ်ပယ်များကိုလည်း ထည့်သွင်းဆောင်ရွက် လျက်ရှိသည်။
ကော်ဖီကို အဓိကထားသည့် စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု၏ အမှတ်သင်္ကေတပုံရိပ်ငယ်တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံမှ အဆိုပြုပြီး တွန်းအားပေး ဖော်ဆောင်လျက်ရှိသည့် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုသည် အလတ်စား၊ အသေးစား စီမံကိန်းမှ တစ်ဆင့် ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ် ချက်များကို ဖြည့်ဆည်းပေးလျက် ရှိသည်။ ပူးပေါင်း ဆောင်ရွက်မှုကို ထောက်ခံအားပေးရန်အတွက် တရုတ် နိုင်ငံသည် သက်သာသော ချေးငွေ တရုတ်ယွမ်ငွေ ၁၀ ဘီလီယံ ၊ credit line အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ သိန်းသုံးထောင်ရှိသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူး ရန်ပုံငွေကို ထူထောင်ခဲ့ပါသည်။ လေးနှစ်တာကာလ အတွင်း ခြောက်နိုင်ငံသည် အပြန်အလှန် ချိတ်ဆက်ရေး၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး၊ ရေအရင်းအမြစ်စီမံ ခန့်ခွဲရေး၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ယဉ်ကျေးမှု ခရီးသွားလာရေး စသည့်နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း ၄၁၀ ကျော် အကောင်အထည် ဖော်ဆောင်ခဲ့ပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ထောက်ပံ့မှုရရှိသော အဓိကနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ လေးနှစ်တာ ကာလအတွင်း စီမံကိန်း ၅၁ ခု ဖော်ဆောင်ခွင့်ရရှိခဲ့ပြီး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ရရှိခဲ့ပါသည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်တွင် ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်အား ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် ဦးစားပေးနယ်ပယ်များမှ ကျန်းမာရေး၊ သိပ္ပံ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှု၊ စွမ်းဆောင်ရည် မြှင့်တင်ရေး စသည့်နယ်ပယ်များအထိ တိုးချဲ့လာကာ ကိုယ်စားပြုစီမံကိန်းတစ်သုတ် အောင်မြင်စွာဖော်ဆောင် နိုင်ခဲ့ပါသည်။ “မဲခေါင်မြစ် မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှု” (The Feasibility Study on Myanmar Wan Pong Port Improvement Project) ၊ “ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်း အဆင့်မြှင့်တင်ပြုပြင်မွမ်းမံမှု”(Reconstruction and Upgrade Project of the Wan Pong Maritime Regional Division) စသည့်စီမံကိန်းများသည် မဲခေါင် မြစ်၌ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် ရေကြောင်း ပို့ဆောင်ရေး အရည်အချင်းများကို ပြုပြင် မြှင့်တင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ “မြန်မာ့ရေစပါး အရည်အသွေးမြင့် မျိုးစိတ် စိုက်ပျိုးရေးနှင့် အရည်အသွေးမြင့်စိုက်ပျိုးမှုစီမံကိန်း” (Breeding Elite Rice Varieties and Optimizing their cultivation in Myanmar) ၊ “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု နည်းပညာလွှဲပြောင်းမှု” (Rural Development and Vegetable Cultivation Technology transfers in Mekong–Lancang Region)၊ “ရေထွက်ကုန်ချော ထုတ်လုပ်ရေး စက်ပစ္စည်း အရည် အသွေးအာမခံစနစ် ပြုပြင်မှု”(Improvement of Quality Assurance Systems for Small and Medium sized Traditional Fish Product Processing Establishments in Myanmar ) ၊ “ပိုးချည်ကောင် သုတေသနစင်တာ ထူထောင်မှု” ( Establishment of Sericulture Research and Development Center) စသည့် စိုက်ပျိုးရေး စီမံကိန်းများက မြန်မာနိုင်ငံ အခြေခံစိုက်ပျိုးရေး သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုပေးခဲ့ပါသည်။
“လန်ချန်း-မဲခေါင် နိုင်ငံအမွေအနှစ်ကာကွယ်ရေး ဆွေးနွေးပွဲ” (Workshop on Heritage Sites Management in Lancang-Mekong Countries)၊ “လန်ချန်း-မဲခေါင် လူငယ်ယဉ်ကျေးမှုကူးလူး ဖလှယ်ရေး စခန်းချလှုပ်ရှားမှု” (Lancang-Mekong Cultural Exchange Youth Camp ) ၊
“ဒေသတွင်း ဖွံ့ဖြိုးတိုးတက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှု ဆွေးနွေးပွဲ” (Seminar on Innovation and Young Entrepreneurship for Regional Development) စသည့် ပြည်သူချင်း ကူးလူးဖလှယ်ရေး စီမံကိန်းများသည် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံနယ်ပယ်အသီးသီး၏ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအသိကို တိုးပွားလာစေပြီး လန်ချန်း-မဲခေါင်နိုင်ငံများ သမိုင်းယဉ်ကျေးမှု လက်ဆင့် ကမ်းရေးအတွက် အထောက်အကူပြုကာ နိုင်ငံအသီးသီးမှ ပြည်သူများအကြား စိတ်နှလုံးချင်း ဆက်နွှယ်မှုကို မြှင့်တင်ပေးပါသည်။ လေးနှစ်တာကာလအတွင်း၌ မြန်မာ့လူမှုနယ်ပယ် အသီးသီး၏ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟုသုတများ စဉ်ဆက်မပြတ် တိုးများလာပြီး “ဌာနအသီးသီးပါဝင်၍ ဘက်စုံဖော်ဆောင်ခြင်း” ဟူသည့် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်း ကနဦးအဆင့်ပုံပေါ်လာကာ မြန်မာနိုင်ငံ သက်ဆိုင်ရာ နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားအင်သစ်များ ဆောင်ကြဉ်းပေးလာသကဲ့သို့ မြန်မာ ပြည်သူများအတွက်လည်း လက်တွေ့ကျသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလာပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အစဉ်အလာ ချစ်ကြည်ရေး သံယောဇဉ်များတွင် အခြေစိုက်ကာ တူညီသည့်အကျိုးအမြတ်များအပေါ်တွင် ထူထောင်ထားပြီး ခေတ်ရေစီးကြောင်းနှင့် အလိုက်သင့်ဖြစ်တည်၍ ပြည်သူ့စိတ်ဆန္ဒနှင့် ကိုက်ညီသဖြင့် ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုခိုင်မာကြာရှည်ကြောင်း လက်တွေ့က သက်သေပြနေပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး မဏ္ဍိုင်ကြီးသုံးခုသည် အာဆီယံ အသိုက်အဝန်းတည်ဆောက်ရေး မဏ္ဍိုင်ကြီးသုံးခုနှင့် အလွန်ပနံသင့်လှသဖြင့် အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကွာဟချက်ကို လျှော့ချရန် အကျိုးရှိပြီး အာဆီယံတစ်သားတည်းဖြစ်ခြင်း လုပ်ငန်းစဉ်အတွက် လည်း အထောက်အကူပြုကာ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အပြုသဘောဆောင်သည့် ဆက်ဆံမှု ထူထောင်ပေးနိုင်သကဲ့သို့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအတွက် ပိုမိုသာယာလှပသည့် အနာဂတ်ကို ဖန်တီးပေးနိုင်ပါသည်။
ခေတ်သစ်တွင် လုပ်ဆောင်ချက်အသစ်များ
ကြိုးပမ်းဖော်ဆောင်ခြင်း
မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံးအဆိုပြုရာဒေသ ဖြစ်သည်သာမက ဖွံ့ဖြိုးတိုးတက်မှုနှင့် ရလဒ်ကောင်းများ နေ့စဉ်နှင့်အမျှ ဖြစ်ထွန်းနေသော “လန်ချန်း-မဲခေါင် လုပ်ငန်းတွင်ကျယ်မှု” နှင့် “တန်းတူညီမျှဆက်ဆံသော၊ ရိုးသားဖြောင့်မတ်စွာ အပြန်အလှန် ကူညီဖေးမသော၊ မိသားစုဝင်ပမာ ချစ်ခင် ရင်းနှီးသော” လန်ချန်း-မဲခေါင်ယဉ်ကျေးမှုကို အတူတကွ တည်ဆောက်သူနှင့် အကျိုးထမ်းရွက်သူလည်း ဖြစ်ပါသည်။ ယခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင် ရွက်မှု လေးနှစ်ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး မြန်မာ နိုင်ငံသည် မကြာမီတာဝန်လွှဲယူကာ တရုတ်နိုင်ငံနှင့် အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲ ဥက္ကဋ္ဌနိုင်ငံအဖြစ် ထမ်းဆောင်တော့မည် ဖြစ်သည်။ ယင်းအတွက် ကျွန်တော် ဂုဏ်ပြုစကားပြောကြားလိုပါသည်။
လက်ရှိတွင် နိုင်ငံတကာ အခြေအနေရှုပ်ထွေး၍ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ တစ်ကမ္ဘာ လုံး ဘဏ္ဍာရေးနှင့် ရေနံဈေးကွက်တွင် အပြောင်းအလဲ များရှိသည့်အပြင် COVID-19 ရောဂါကလည်း တစ်ကမ္ဘာ လုံး၌ ပျံ့နှံ့လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးအလားအလာများသည် မသေချာမှုများနှင့် ရင်ဆိုင်နေရပြီး လန်ချန်း-မဲခေါင်နိုင်ငံများ ဒေသတွင်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွဖော်ဆောင်ရေး အတွက် စိန်ခေါ်မှုအသစ်များသယ်ဆောင်လာသဖြင့် နိုင်ငံအသီးသီးက ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ အခက်အခဲများကို အတူတူကျော်လွှားကြရန် လိုအပ်ပါ သည်။
ယခုနှစ်ဦးပိုင်းတွင် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping သည် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ လက်တွဲ တည်ဆောက်လျက်ရှိပြီး တရုတ်-မြန်မာစီးပွား ရေးစင်္ကြံဟူသော ခေတ်ကာလသစ် “ရွှေလမ်းငွေလမ်း” တည်ဆောက်မှုကို အတူတကွဖော်ဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်း ဆောင်ရွက်ကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘော တူညီချက်ကို တက်တက်ကြွကြွဖော်ဆောင်ပြီး ရောဂါ ရင်ဆိုင်တိုက်ဖျက်ရေးကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖော် ဆောင်သွားရန် ဆန္ဒရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ နှင့်အတူ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးနှင့် လန်ချန်း-မဲခေါင် ယန္တရားစသည့်ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများတွင် ပိုမိုများပြားသည့်ရလဒ်ကောင်း များရရှိရန် တွန်းအားပေးပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများမှ ပြည်သူများအတွက် ပိုမိုများပြားသည့် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးကာ လန်ချန်း-မဲခေါင် နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်သွားရန်လည်း ဆန္ဒရှိပါသည်။ ။
ဤဆောင်းပါးတွင် ဖော်ပြချက်များသည် ဆောင်းပါး ရှင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ အာဘော်သာဖြစ်ပါသည်။
စာတည်းအဖွဲ့
(၂၀၂၀ ပြည့်နှစ်၊ မတ် ၂၅)