နေပြည်တော် ဧပြီ ၂၈
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ယခုအခါ ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် နန်နင်းမြို့၊ ဘရူနိုင်းနိုင်ငံနှင့် AHA Centre တို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာစ၊ Hygiene Kit ၊ တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းစုံ၊ မီးဖိုချောင်သုံးပစ္စည်းစုံ၊ Kitchen Set ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ဘေးသင့်လူဦးရေအချိုးဖြင့် ဖြန့်ခွဲပေးပို့ခဲ့ပြီးဖြစ်ပါသည်။
အထက်ဖော်ပြပါ ရက်သတ္တပတ် ၁ ပတ်အတွင်း လက်ခံရရှိသော လှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ်လေးစီးဖြင့် ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ်လေးစီးဖြင့် ပေးပို့ထားသည့် လှူဒါန်းပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၈ စီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ မော်တော်ယာဉ် ခုနစ်စီးဖြစ်ပါသည်။
နိုင်ငံတကာအလှူရှင်များမှ ၂၁-၄-၂၀၂၅ ရက်နေ့မှ ၂၇-၄-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများ ရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင် တစ်ကြိမ် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်