Skip to main content

ပြည်ထောင်စုဖွားတို့ ဥမကွဲ သိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျရှိဖို့လို

ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုဆီသို့ ပြောင်းလဲသွားခဲ့သည်။ နယ်ချဲ့အင်ပါယာကြီးများ တစ်ခုပြီးတစ်ခုပြိုလဲသွားကြပြီး ကမ္ဘာ့မြေပုံမှာလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။ ခေတ်ဟောင်းကာလက ဘုရင့်နိုင်ငံများ သမ္မတစနစ်သို့ ကူးပြောင်းကြသလို ဘုံဝါဒအားကောင်းလာကာ ဥရောပအရှေ့ပိုင်းအားလုံးနီးနီး ကွန်မြူနစ်ဖြစ်သွားကြသည်။ မြန်မာနိုင်ငံတွင်မူ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့က “ဗြိတိသျှအစိုးရသည် မြန်မာ့လွတ်လပ်ရေးနှင့်ပတ်သက်၍ ကြေညာရန်နှင့် မကြေညာပါက ၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်မည် ဟူသော ကြေညာချက်ကို ၁၉၄၆ ခု၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်အရ လွတ်လပ်ရေးကိစ္စအတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်းအား ဗြိတိသျှအစိုးရက ဖိတ်ကြားသည့်အတွက် မသွားရောက်မီ ၁၉၄၇ ခုနှစ် နှစ်သစ်ကူးသည့် ဇန်နဝါရီ ၁ ရက်နေ့ညတွင် တိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့သည်။ လွတ်လပ်ရေးအတွက် ဆွေးနွေးအရေးဆိုရမည့်ကာလတွင် နိုင်ငံတစ်ခုလုံး၏ အင်အားက အရေးကြီးသည်။ တစည်းတလုံးတည်းရှိရန်၊ တညီတညွတ်တည်း ဖြစ်ရန်အပြင် စည်းကမ်းတကျရှိနေဖို့ကလည်းလိုသည်။ ထို့အတွက် ဗိုလ်ချုပ်က ၎င်း၏မိန့်ခွန်းတွင် “တိုင်းသူပြည်သား လူအများဟာ ဥမကွဲ သိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့လိုတယ်။ မလိုတဲ့လူတွေက ဘယ်လိုတိုက်တိုက်၊ ရှို့ရှို့၊ စစ၊ မိမိတို့အဓိကပန်းတိုင်ကို မျက်ခြည်ပြတ်မခံဘဲ၊ လမ်းမလွဲအောင် ကြိုးစားဖို့လိုတယ် ဟူ၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပြီးခေတ် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော် ၈၀ ခန့်ကာလပတ်လုံး ကမ္ဘာ့နိုင်ငံရေးမှာ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သောနိုင်ငံတိုင်း တန်းတူရည်တူ မဟုတ်ဘဲ အုပ်စုအားပြိုင်မှုကသာ အဓိကဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ကုလသမဂ္ဂမှသည် နိုင်ငံတကာစီးပွားရေးနှင့် ငွေရေးကြေးရေးအစီအစဉ်များအထိ အနောက်စူပါ ပါဝါက လွှမ်းမိုးကြိုးကိုင်ထားနိုင်ခဲ့ရာ ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့ရသော ဖွံ့ဖြိုးဆဲနိုင်ငံတို့အဖို့ ၎င်းတို့၏ ထီးရိပ်အောက်သို့မဝင်၊ ဩဇာမခံဘဲနှင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရန်မှာ လွန်စွာခက်ခဲလှသည်။ စူပါပါဝါတို့အနေဖြင့် ၎င်းတို့၏အကျိုးစီးပွားနှင့် ထိပ်ဆုံးတွင် ထာဝရရပ်တည်နိုင်ရေးတို့အတွက် မဟာဗျူဟာများချမှတ် အကောင်အထည်ဖော်ရာတွင် ဩဇာခံနိုင်ငံများနှင့် ပုဂ္ဂိုလ်များမှာ မဖြစ်မနေလိုအပ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဟူသော အမျိုးသားအကျိုးစီးပွားနှင့် တစ်ဖက်တွင် သူတစ်ပါးဩဇာခံဘဝ မကျရောက်စေရေးဟူသော ချောက်ကမ်းပါးတို့အကြား လိမ္မာပါးနပ်စွာ ဆောင်ရွက်ကြရခြင်းဖြစ်သည်။

မျက်မှောက်ကာလ မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ကိုအခြေခံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အဖြစ် ဦးတည်မျှော်မှန်း တည်ဆောက်ကြရာတွင် ဥမကွဲသိုက်မပျက် ညီညွတ်ရေးနှင့် စည်းကမ်းတကျရှိရေးတို့သည် အသက်သွေးကြောများသဖွယ် မဖြစ်မနေလိုအပ်နေဆဲပင် ဖြစ်သည်။ ထို့အပြင် ပြည်တွင်း ပြည်ပမှ မလိုသူတို့၏ ဖျက်လိုဖျက်ဆီးတိုက်ခိုက်မှု၊ တို့မီးရှို့မီး လုပ်ကြံဖန်တီးမှုတို့ဖြင့် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး ကြံစည်ကြိုးပမ်းမှုများကို စည်းလုံးညီညွတ်သော အင်အားဖြင့် စုပေါင်းကာကွယ်ကြပြီး ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်ပြတ်မခံဘဲ ကြိုးပမ်းကြကာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်ရေးသည် မိမိတို့မျိုးဆက်များ၏ သမိုင်းပေးတာဝန်သာ ဖြစ်ပါကြောင်း။ ။