Skip to main content

မေတ္တာ၊ ကရုဏာရှေ့ထား၍ ရင်ဆိုင်ကျော်လွှားရမည့်ကပ်ရောဂါ

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။ မကောင်းသည့် နယ်ပယ် ၌ ကျက်စားတတ်သည်။ ဤသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ မကောင်းသည့် အတွေးအကြံ ၊ မကောင်းသည့် အပြောအဆို၊ မကောင်း သည့် အပြုအမူတို့ကို စိတ်က ဦးဆောင်သည်။ စိတ်က ကြီးမှူးသည်။ စိတ်က ဖန်တီးသည်။ မကောင်းသော စိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏ နောက်သို့ မကောင်းကျိုးက နွားခြေရာ နောက်တွင် နွားလှည်းဘီးက လိုက်သကဲ့သို့ တစ်ထပ်တည်း လိုက်သည်။ ကောင်းသည့် အတွေးအကြံ၊ ကောင်းသည့် အပြောအဆို၊ ကောင်းသည့် အပြုအမူတို့ကို ဦးဆောင်သည်မှာလည်း စိတ်ပင် ဖြစ်သည်။ ကောင်းမှု တို့ကို ကြီးမှူးသည်မှာလည်း စိတ်၊ ကောင်းမှုတို့ကို ဖန်တီးသည်မှာ လည်း စိတ်ပင်ဖြစ်သည်။ ကောင်းသောစိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏နောက်တွင် ကောင်းကျိုးကလည်း အရိပ်ပမာ မခွဲမခွာ လိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် လူတိုင်းတွေ့ကြုံကြရချိန်တွင် ကောင်းသည့်စိတ်နှင့် မကောင်းသည့်စိတ်တို့ကို ပြက်ပြက်ထင်ထင် မြင်ကြရသည်။ ကောင်းသည့်စိတ်ထား၊ မွန်မြတ်သည့် နှလုံးသားရှိသူ တို့က မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်တို့ကို ဆောင်လျက် လောကကို စောင့်ရှောက်ကြသည်။ လောကကို အလှဆင်ကြသည်။ ကပ်ရောဂါနှင့် ရင်ဆိုင်ရန် ရှေ့တန်းကို ထွက်ကြသည်။ အခက်အခဲ နှင့် ရင်ဆိုင်နေရသူတို့ကို ဖေးမကူညီကြသည်။ ကောင်းသောစကားကို ဆို၍၊ ကောင်းသော အပြုအမူတို့ကိုပြုမူ၍ မေတ္တာတရားကို ပြကြ သည်။ ထိုအခါ ကပ်ဆိုက်နေသည့် နိုင်ငံ၊ ကပ်ဆိုက်နေသည့် မြို့ရွာ သည်ပင်လျှင် မေတ္တာဓာတ်ကြောင့် လှပလာသည်။ မေတ္တာဓာတ် ကြောင့် အေးမြလာသည်။

မိမိတို့နိုင်ငံသို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ မဝင်ရောက်လာ စေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ချိန်၊ အတည်ပြုလူနာတို့ စတင်တွေ့ရှိလာရသည့် အချိန်များတွင်လည်း ဤသဘောတို့ကိုတွေ့ရသည်။ မည်သို့ပင်ဆိုစေကာမူ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆိုလျှင် ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရန် အသင့်ရှိကြသည်။ ဓနအင်အား၊ နည်းပညာအင်အား ကြီးမားလှသည့် ကမ္ဘာ့နိုင်ငံကြီးများ ပင်လျှင် အထိနာ နေကြရသည့် ကမ္ဘာ့ကပ်ရောဂါကို မိမိတို့သည်လည်း မေတ္တာ၊ ကရုဏာ၊ သတိ၊ ဝီရိယ၊ ပညာတို့ကို အားထား၍ ရင်ဆိုင်ကြ ရမှာဖြစ်သည်။ အောင်မြင်မည်ဟုလည်း ယုံကြည်သည်။ ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများက စစ်ဆင်ရေးအသွင် ကြိုးပမ်းနေကြသလို အခြားဌာနဆိုင်ရာ ဝန်ထမ်း များကလည်း ကဏ္ဍအလိုက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြ သည်။ အလှူရှင်များကလည်း ဒေသအလိုက် လှူဒါန်းနေကြသလို လူမှုရေး အသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များကလည်း လိုအပ်သည်များကို ပါဝင်ဖြည့်ဆည်းနေကြသည်။ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများက ကျန်းမာရေးအတွက် ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးခံ၍ အကန့်အသတ် များနှင့် နေထိုင်ကြရာ ပြည်ပမှပြန်လာသည့် ကျေးလက်ဒေသမှ လူငယ် ကလေးများ ရွာထဲသို့မဝင်ဘဲ ရွာပြင်တောထဲ စသည် တို့တွင် အကန့်အသတ်ဖြင့် နေထိုင်ကြသည့် သတင်းများကို သိရှိရသည်။

မကောင်းသည့်စိတ်နှလုံးရှိသူတို့က သတင်းအမှားများကို ဖြန့်ချိ နေကြသလို လူအများ ထိတ်လန့်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း၊ ရပ်ရွာ အတွင်း မတည်မငြိမ်ဖြစ်စေရန်ကောလာဟလများကို ထုတ်လွှင့်လျက် ရှိကြသည်။ မိမိတို့ရင်ဆိုင်နေကြရသည့် ကပ်ရောဂါ မှာ ကူးစက်မှု မြန်သည့်ရောဂါ၊ သေစေနိုင်သည့်ရောဂါဖြစ်သော်လည်း ထိန်းချုပ်နိုင် သည့် ရောဂါ ကူးစက်ခံရတိုင်းလည်း မသေနိုင်သည့်ရောဂါ၊ စောစီးစွာ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သည့်ရောဂါဖြစ်သည်ကို သိနားလည် ထားကြရမည်ဖြစ်ပြီး လူသားချင်းချင်း မေတ္တာတရားပွားများလျက် ညီညွတ်စွာဖြင့် သတိ၊ ဝီရိယ၊ ပညာတို့ကို စွဲကိုင်၍ ရင်ဆိုင်ကျော်လွှား ကြရမည် ဖြစ်ပါကြောင်း။ ။