Skip to main content

“သင်္ကြန်ရင်ခုန်သံ”စကားဝိုင်းဆွေးနွေးပွဲ MRTV တွင် ဆက်လက်ရိုက်ကူး

ရန်ကုန် မတ် ၂၆

“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မှုံရွှေရည်” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန် တွင် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကိုထင်ဟပ်စေသည့် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့ကြသော အနုပညာ ရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲများကို ရုပ်မြင်သံကြားနှင့် အင်တာနက်တို့မှတစ်ဆင့် ထုတ်လွှင့်နိုင်ရန်  ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံ ပိုင်ရှင်များနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC)မှ တာဝန်ရှိသူများပူးပေါင်း၍ စီစဉ် ရိုက်ကူးခြင်း ဖြစ်သည်။

ထိုသို့ရိုက်ကူးမှုတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပါဝင်ဆောင်ရွက်ပြီး “အပေါင်းလက္ခဏာ” ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် “မှုံရွှေရည်” ရုပ်ရှင်ဇာတ်ကားအကြောင်းကို ပါဝင်သရုပ်ဆောင်ခဲ့သူ အကယ်ဒမီအောင်လွင်က ယင်းဇာတ်ကားကို ဂီတလုလင် ဦးကိုကိုမိသားစုအား အခြေတည်၍ ဦးဝင်းဦးက ဖန်တီးရိုက်ကူးခဲ့ပုံ၊ ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ မစန္ဒာလင်းက အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ဖဲဖက်စ် (Fairfax)မြို့မှ Video Call ဖြင့် ပါဝင်ပြီး ၎င်းအနေဖြင့် အဆိုအကသင်ကြားပြီးမှ သရုပ်ဆောင်ခဲ့ပုံ စသည်ဖြင့် ဆွေးနွေးကြသည်။

အဆိုပါ သင်္ကြန်ရင်ခုန်သံစကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များအဖြစ် သင်္ကြန်ပုံရိပ်ပေါ်လွင် ထင်ဟပ် စေသည့် ရုပ်ရှင်ဇာတ်ကားများဖြစ်သော “မောင်တို့ချယ်ရီမြေ”(ဒုတိယအပိုင်း)နှင့် “ပိတောက် ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားများအကြောင်း ဆက်လက်ရိုက်ကူးမည်ဖြစ်ရာ ယင်းအစီအစဉ်များကို သင်္ကြန်ကာလ အတွင်း MRTV မှ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (FDC)