နေပြည်တော် ဇူလိုင် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
နိုင်ငံရေးနှင့်ဆက်စပ်သည့် လုံခြုံရေးအခြေအနေ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆဲဥပဒေများအပေါ်တွင် မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူချိန်တွင် ဆူပူမှုများ မရှိသေးသော်လည်း ဖေဖေါ်ဝါရီ ၃ ရက်နောက်ပိုင်းတွင် ဆူပူမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများကို လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စည်းရုံးရေးဆိုင်ရာ လမ်းကြောင်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုများကို အရေးယူဆောင်ရွက်ခဲ့ရာတွင် ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင် သောင်းကျန်းမှုများကို တပ်မတော်မှတာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပှုအကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အချို့သော နေရာဒေသများမှလွဲ၍ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ဝင်များဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် စစ်အုပ်ချုပ်ရေး သတ်မှတ်မှုများကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံရေးအရ နောက်ဆက်တွဲပေါ်ပေါက်လာသည့် အကြမ်းဖက် NUG နှင့် CRPH တို့က တည်ထောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများကို လုပ်ဆောင်လျက်ရှိပြီး သံဃာတော်များနှင့် သီလရှင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်ကြကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဇူလိုင် ၂၀ ရက်အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင် ၁ ပါးတို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ပါးနှင့် ပျောက်ဆုံးသူ ၈ ဦး စုစုပေါင်း ၇၀ ရှိပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သံဃာတော်များနှင့် သီလရှင်များကို အကြမ်းဖက်မှု သတ်ဖြတ်မှု အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းတောင်တွင် သံဃာတော်များနှင့် သီလရှင်များ အများဆုံး ဝါဆိုနေကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ဗုဒ္ဓဘာသာ ရှေးအကျဆုံးနှင့် အများဆုံး ကိုးကွယ်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သော်လည်း ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များနှင့် သီလရှင်များ အကြမ်းဖက်သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို အံဩဖွယ် တွေ့မြင်ရကြောင်း၊ မကွေးတိုင်းတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၄၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိကြောင်း၊ ထိုသို့ပညာရေးဝန်ထမ်းများ သတ်ဖြတ်ခံရမှုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးသည် အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း။
ပြည်သူများ ပညာရည်မြင့်မားရန်လိုအပ်မှု
ပညာရည်မြင့်မားရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းများပိတ်ထားမှုကြောင့် နိုင်ငံတော်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကိုလည်း ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ အရေအတွက်၏ ၇၆ ရာခိုင်နှုန်းခန့် ကျောင်းအပ်နှံကြသည်ကို တွေ့ရကြောင်း၊ အဆိုပါ ကျောင်းနေအရွယ်များတွင်လည်း မူလတန်းအရွယ်တွင် များပြားသော်လည်း အလယ်တန်းနှင့် အထက်တန်းသို့ ရောက်ရှိချိန်တွင် နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ ပညာရည်မြင့်မားရေးနှင့် ပတ်သက်ပြီး အားလုံးက တွန်းတွန်းတိုက်တိုက်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အချို့ ကျောင်းနေအရွယ် ကလေးများအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လုံခြုံရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ကျောင်းအပ်နှံခြင်း မရှိသကဲ့သို့ နိုင်ငံရေးအရ အစိုးရအခြေခံပညာကျောင်းများတွင် အချို့ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံ သင်ကြားမှုများ မပြုသည်ကိုလည်း တွေ့ရှိရကြောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများက ဖွင့်လှစ်ထားသည့် Kaung For You အထက်တန်းကျောင်းကို စတင်ဆောင်ရွက်ခဲ့သည့် မြစ်သားမြို့နယ် လက်ထောက်ပညာရေးမှူး(CDM) ကောင်းသိုက်စိုးနှင့် အပေါင်းအပါ ၃ ဦးကို ဇူလိုင် ၁၃ ရက်တွင် အောင်ပန်းမြို့ရှိ KTV ၌ အခကြေးငွေယူ၍ ပျော်ပါး၍ရသည့် အမျိုးသမီးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်ရ ဆက်စပ်လျက် ရှိသူများကိုလည်း ဖော်ထုတ်ရရှိခဲ့ပြီး အချို့ကို ဖမ်းဆီးထိန်းသိမ်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကိုလည်း ရရှိခဲ့ကြောင်း၊ သို့သော် ကျောင်းနေအရွယ် ကလေးများသည် နိုင်ငံရေး နားလည်မှုမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို မိမိတို့အနေဖြင့် အရေးယူရန်မရှိကြောင်း၊ သို့သော် အခြားပါဝင်ပတ်သက်နေသူများကို ဆက်လက်ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်ရန် ကျန်ရှိနေသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးသည် နိုင်ငံအတွက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ မည်သည့်စာသင်ကျောင်းတွင် သင်ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြီးဆုံးချိန်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ပညာများ ရရှိသွားရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျောင်းနေအရွယ် ကလေးများဖြစ်သည့် ၅ နှစ်မှ ၁၈ နှစ်အကြား ကျောင်းသား၊ ကျောင်းသူ ၅၈၂၀၀၀၀ ကျော်အား ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ၃၅၈၃၀၀၀၀ ကျော်ရှိပြီး ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုနှင့် အုပ်ချုပ်မှုလမ်းကြောင်း အဆင်ပြေသည့် နေရာများတွင် ၉၉ ရာခိုင်နှုန်းခန့် ထိုးနှံပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုးနှံရန်ကျန်ရှိသည့် နေရာဒေသများတွင်လည်း ဆက်လက်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ များစွာကျဆင်းသွားပြီဖြစ်ကြောင်း၊ ပြည်တွင်းကူးစက်မှု နည်းပါးပြီး ပြည်ပမှ ဝင်ရောက်လာသူများမှ ကူးစက်လျက်ရှိသည်ကိုသာ တွေ့ရှိရကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု
မိမိတို့အနေဖြင့် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံမူဝါဒများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဒုတိယဦးစားပေးအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်ရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တတိယဦးစားပေးအနေဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးတို့ပင် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ရှေးယခင်ကတည်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံတစ်ခုပင်ဖြစ်ကြောင်း၊ ယခင်က စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်ခေတ်တွင် စီးပွားရေးစနစ် ပြောင်းလဲခဲ့ပြီး အချို့ကိစ္စရပ်များတွင် စီးပွားရေးအရ အောင်မြင်မှုများ မရှိခဲ့ခြင်းကြောင့် ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သည့်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းရသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်ကို တွေ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေများပြားသည့် နိုင်ငံကြီးများရှိကြောင်း၊ အဆိုပါနိုင်ငံများသို့ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသည့် ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပြည်သူများနှင့် နိုင်ငံ၏စီးပွားရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရခြင်းသည် မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းပင်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ပညာတတ်မြောက်မှု အခြေအနေသည် မြို့ပြနေပြည်သူများထက် ပညာတတ်မြောက်မှု လူဦးရေနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ လူသားအရင်းအမြစ်များ များပြားသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ Skill Labor များ နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လက်တွေ့ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အထက်တန်း ပညာသင်ကြားရေးနှင့် ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြစ်ချောင်းများ ပေါများပြီး ရေချိုအရင်းအမြစ်များ များစွာရှိပြီး ရေချိုကိုအသုံးချ၍ စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်နေသည့် နေရာများရှိသကဲ့သို့ စိုက်ပျိုးမြေဧရိယာသည်လည်း လုံလောက်စွာရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧကပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ အခြားနှစ်ရှည် သီးနှံများဖြစ်သည့် ရာဘာ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးမှု စသည့် နှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးကြကြောင်း၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို စိုက်ပျိုးရာတွင် အချို့ဒေသများ၌ တစ်သီးသာ စိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း၊ သီးထပ်များ စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိလာပြီး စိုက်ပျိုးတောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သီးခြားဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ပြီးခဲ့သည့်ကာလအတွင်း ပြည်ပမှဆီတင်သွင်းမှုများ များပြားခဲ့သဖြင့် ဆီထွက်သီးနှံများကို ထိန်းသိမ်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့် လွတ်လပ်စွာ စိုက်ပျိုးပိုင်ခွင့်ရှိသကဲ့သို့ လွတ်လပ်စွာ ရောင်းချခွင့်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများ၏ သီးနှံများကို ပြည်တွင်းပြည်ပ လွတ်လပ်စွာ ရောင်းချနိုင်ရေး ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းကဲ့သို့သော အသင်းများမှတစ်ဆင့် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ထိန်းသိမ်းရောင်းချ သွားမည်ဆိုပါက တောင်သူများ လွတ်လပ်စွာ ရောင်းချနိုင်သကဲ့သို့ နိုင်ငံတော်၏ ဝင်ငွေကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုမှတဆင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “အလားတူပဲ ပညာရေးမြှင့်တင်မှုနဲ့ ပတ်သက်ရင်လည်း စောစောက ကျွန်တော်ပြောတဲ့ ပညာရေးမှာ အများစုက မူလတန်းပညာနဲ့ အလယ်တန်းပညာ အဆင့်ပဲ ကျွန်တော်တို့က ဖြစ်ပါတယ်။ လူနည်းစုပဲ အထက်တန်းပညာနဲ့ အဆင့်မြင့်ပညာ တတ်တဲ့သူများဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအလယ်တန်းပညာနဲ့ အောက်မှာတတ်နေတဲ့ ပြည်သူအများစုရှိနေတဲ့ ကျေးလက်ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေးမြှင့်တင်ဖို့အတွက် အထူးဦးစားပေး ဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာလေးလည်း ကျွန်တော်တွေ့ရှိပါတယ်။ နိုင်ငံမှာတော့ အခြေခံဥပဒေအရ အခြေခံပညာ မူလတန်းအဆင့်ကိုတော့ မသင်မနေရ ပညာရေးလို့ သတ်မှတ်ထားတာ။ ဥပဒေအရ သတ်မှတ်ထားတာရှိပါတယ်။ သို့သော် လက်ရှိအခြေအနေမှာ မူလတန်းပညာသည် မလုံလောက်ပါဘူး။ ဒီလောက်ခေတ်မီတဲ့ ကမ္ဘာကြီးမှာ လိုက်မီဖို့ ဆိုတာတော့ မူလတန်းပညာနဲ့ ဘယ်လိုမှ မပြည့်စုံဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ တာဝန်ယူတဲ့အချိန်မှာ kg+9 ပေါ့။ ၉ တန်း၊ အလယ်တန်းပညာ ပြီးတဲ့အထိကို ကျွန်တော်တို့ အခမဲ့ ပညာရေးအနေနဲ့ မသင်မနေရ တွန်းအားပေး ဆောင်ရွက်ဖို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသာ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် စောစောကပြောတဲ့ ကျေးလက်တွေမှာ Skill Labour ဖြစ်နိုင်တဲ့သူတွေ။ ကျွန်တော်တို့က ပညာတတ်တွေနဲ့၊ အထိုက်အလျောက် ပညာတတ်တွေ ဖြစ်လာပြီးတော့မှ။ သူတို့ကို လေ့ကျင့်မွေးထုတ်ပေးလိုက်မယ် ဆိုလို့ရှိရင်။ သူတို့လုပ်တဲ့ စီးပွားရေးကို အထောက်အကူပြုတဲ့ အတတ်ပညာတွေ တတ်လာမှာဖြစ်ပါတယ်။ ဒါကိုမျှော်တွေးပြီး တော့မှ။ အခုခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပါတယ်။ ၁၂၇ ခရိုင်မှာ First wave အနေနဲ့ ကျွန်တော်တို့ ကျောင်းပေါင်း ၅၀ လောက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုတွဲဖွင့်ထားတဲ့ အထက်တန်းကျောင်းတွေဖွင့်ဖို့။ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ကျွန်တော် ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ ကျောင်းပေါင်း ၅၀ လောက် စဖွင့်မယ်။ အဲ့ဒီတော့ ဒီဆရာတွေ ရဖို့အတွက်ကိုလည်း မွေးမြူရေးကျောင်းဆင်းတွေ၊ စိုက်ပျိုးရေးကျောင်းဆင်းတွေ ဒီလိုလည်း ခန့်ဖို့လိုသလိုပဲ။ လက်ရှိတာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေးဦးစီး၊ အဲ့ဒီမှာ တာဝန်ပေးထားတဲ့သူများကိုလည်း အကူဆရာများအနေနဲ့ အဲ့ဒီကျောင်းတွေမှာ သင်ကြားပေးဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲ့ဒါကို ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ ကျေးလက်မှာလုပ်ငန်း လုပ်နေတဲ့သူများအတွက် Skill Labour တွေ အများကြီး မွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်မှန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ သွားရမယ်ဆိုတာလေးလည်း ကျွန်တော်သွားလိုပါတယ်။
တစ်ဆက်တည်းမှာပဲ ဒါတင်လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ ပုဂ္ဂလိကကဏ္ဍက ဒါတွေက၊ လုပ်ရမယ့်ကဏ္ဍ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရကတော့ လူသားအရင်းအမြစ်တွေ ရရှိအောင် ဆောင်ရွက်ပေးဖို့သာ ဖြစ်ပါတယ်။ ကျန်တာတော့၊ ပုဂ္ဂလိကကလုပ်ရမယ်။ တစ်ဖက်ကလည်း အစိုးရကနေပြီးတော့ သွင်းအားစုတွေ ရအောင်လည်း ဖန်တီးပေးရတာတွေရှိတယ်။ ဥပမာ - ရေရအောင် ဖန်တီးပေးရတာတို့၊ မြေဩဇာရအောင် ဖန်တီးပေးတာတို့၊ မျိုးစေ့တွေရအောင် ဖန်တီးပေးရတာတို့ ဒါကတော့ စိုက်ပျိုးရေးပိုင်းပေါ့လေ။ မွေးမြူရေးပိုင်းဆိုလည်း တိရိစ္ဆာန်အစားအစာတွေ ရဖို့အတွက်၊ ဆေးဝါးတွေရဖို့တို့၊ နောက်တစ်ခါ ခုနကပြောတဲ့ ရေရရှိဖို့တို့၊ နောက်တစ်ခါ မျိုးကောင်းမျိုးသန့်တွေ ရရှိဖို့တို့ ဒါတွေလည်း ကျွန်တော်တို့က အစိုးရကနေပြီးတော့မှ ဝိုင်းပြီးကူညီပေးရမှာ ဖြစ်ပါတယ်။ ဒါပုဂ္ဂလိကကဏ္ဍ လုပ်ပေးမှလည်း အစိုးရရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျွန်တော်တို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ လုပ်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို ကျွန်တော်တို့အနေနဲ့၊ ကျွန်တော်တို့ ကောင်စီအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ်ဆိုတာလေးလည်း ကျွန်တော် ပြောလိုပါတယ်။”
ဝါစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု
ဆက်လက်ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဧက ၂ သိန်း ၄ သောင်း ကျော်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ ချည်မျှင်ရှည်ဝါမှ အဆင့်မြင့် ချည်ထည်များ ထုတ်လုပ်နိုင်ကြောင်း၊ ယခုစိုက်ပျိုးနေသည့် ဝါများသည် ချည်မျှဉ်ရှည်ဝါဟု ဆိုသော်လည်း အဆင့်မြင့်ချည်ထည်များကို ထုတ်လုပ်နိုင်မှုမရှိကြောင်း၊ ထို့ကြောင့် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းဝါစိုက်ပျိုးမှု လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက် ပိုမိုအဆင်ပြေမည် ဖြစ်သကဲ့သို့ ပြည်တွင်းမှထွက်ရှိသည့် ဝါထွက်ကုန်များကို အသုံးပြု၍ အဆင့်မီအထည်ချုပ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏စီးပွားရေးကိုလည်း အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ၏ လူမှုနေမှုစနစ်များ မြှင့်တင်ပေးရန်လိုအပ်
မိမိတို့နိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်နေ ပြည်သူများ၏ လူနေမှုစနစ်များမှာ အခြားနိုင်ငံများ ထက်နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များ ရှိခြင်းကြောင့်သာ လူနေမှုစနစ်များ နိမ့်ကျနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့လူမှုစီးပွားများ တိုးတက်ပြောင်းလဲလာချိန်တွင် နေထိုင်သည့်အိမ်ရာများ အဆင့်မြှင့်တင် တည်ဆောက်ရန် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လိုအပ်သည့် ဘိလပ်မြေများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်း၌ ဘိလပ်မြေထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းများ လုံလောက်စွာ ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ စက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်ရာတွင်လည်း အဆောက်အဦများ ဆောက်လုပ်နိုင်သည့် သံမဏိထုတ်လုပ်ရေး လုပ်ငန်းများကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ပြည်တွင်းလုပ်ငန်းရှင်များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်မည်ဆိုပါက အစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် သံ၊ သံမဏိတို့သည် နိုင်ငံ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် မဖြစ်မနေ လိုအပ်သဖြင့် အားပေးဆောင်ရွက် သွားမည်ဆိုပါက များစွာပြောင်းလဲ တိုးတက်သွားမည် ဖြစ်ကြောင်း။
လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးသည်လည်း အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်ယူရာတွင် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်၍ရကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေးကို အထောက်အကူပြုသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချမည်ဆိုပါက အကျိုးရှိမည်ဖြစ်ကြောင်း၊ မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ မေခ၊ မလိခ၊ ဧရာဝတီ၊ ရွှေလီ၊ ချင်းတွင်း၊ တာပိန်၊ သံလွင် စသည့် မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့်နေရာများ များစွာရှိကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
အလားတူ မိမိတို့နိုင်ငံ အလယ်ပိုင်းရှိ နေရာဒေသအများစု၏ မိုးရွာရက်မှာ ပျမ်းမျှအားဖြင့် ရက် ၁၀၀ ခန့်သာရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အားကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းဒေသများ၌လည်း လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်အဆင့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်လည်း အသေးစားနှင့် အလတ်စား ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှ အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှု
ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ဧပြီလ ၂၂ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ၃ ဖွဲ့တို့က တွေ့ဆုံရန် အကြောင်းပြန်ကြားခဲ့ပြီး ၉ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တစ်ဖွဲ့နှင့်လည်း မကြာမီအချိန်အတွင်း တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင် ပြည်သူလူထု ဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ၎င်းတို့ထံမှ သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်သည်နှင့် ဖြစ်ချင်တာများကို ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် တွေ့ဆုံဆွေးနွေးလိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးလိုပါက ထပ်မံဖိတ်ခေါ်ပါကြောင်း၊ ကျန်ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ပါဝင်လာမည်ဆိုပါက မိမိတို့နိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် ပြည့်စုံကောင်းမွန်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံသို့ အလုပ်သဘောအလယ်အပတ် ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော် အတွင်းရှိရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း။ ကာလတိုအလုပ်သဘော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သော်လည်း နိုင်ငံ့အတွက် အကျိုးရှိသည့် ဆွေးနွေးမှုများစွာကို ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်ကို အသိပေးလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များက မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းအဖွဲ့များ ဖွဲ့စည်းရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်သိရှိစေရန် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ အနာဂတ်နိုင်ငံတော်အတွက် လူငယ်များအား စနစ်တကျ ပြုစုပျိုးထောင်ပေးရေး၊ ပညာရေး မူဝါဒလမ်းကြောင်းကို သွေဖယ်၍ ဆောင်ရွက်နေသည့် ပုဂ္ဂလိကကျောင်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ရေး၊ မူလတန်းပြ ဆရာ၊ ဆရာမများ ရာထူတိုးမြှင့်ရန် ကိစ္စကို လျင်မြန်စွာ ဆောင်ရွက်ပေးပြီး လိုအပ်ချက်ရှိသည့်နေရာ ဖြည့်စွက်ခန့်ထားနိုင်ရေး၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေပြီး ရာသီဥတုကို အထောက်အကူပြုစေရေးအတွက် ကျွန်းစိုက်ခင်းများကို စီမံချက်ချမှတ်၍ တိုးချဲ့စိုက်ပျိုးရေး၊ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေး၊ ကျေးလက်ကျန်းမာရေးဌာနများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီမံဆောင်ရွက်ပေးရေး၊ လူငယ်များ လမ်းမှားမရောက်စေရေးအတွက် အခြေခံပညာကျောင်းများတွင် စာရိတ္တပညာပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်ကြားပေးရေး၊ ယာဉ်လိုင်းများ လက်မှတ်ရောင်းချခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားကို စနစ်တကျ စိစစ်ဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပညာတော်သင် စေလွတ်ရေးကိစ္စများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဖွံ့ဖြိုးရေး အထောက်အကူပြု စီမံကိန်းများကို မိမိသဘောဆန္ဒအလျောက် ပါဝင်သည့်စနစ်ဖြင့် ထူထောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများ ဖွင့်လှစ်သည့် ကိစ္စနှင့်ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနများတွင် ဝန်ထမ်းများ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် အလုပ်သင်ဆရာဝန်များနှင့် သူနာပြုများ ဖြည့်တင်းပေးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အသုံးပြုမှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ မြေဩဇာ ၂ မျိုး ကို အချိုးချပေါင်းစပ်ခြင်းဖြင့် သီးနှံအထွက်တိုး ရရှိနိုင်မည်ဖြစ်ပြီး သဘာဝမြေဩဇာကို အဓိထား အသုံးပြုနိုင်ရေး သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့ကျသည့် စိုက်ပျိုးရေးစနစ်နှင့် ခေတ်မီမွေးမြူရေးစနစ်ကို ဦးတည်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန် - ပြည်၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - မန္တလေး မီးရထားလမ်းများ အဆင့်မြှင့်တင်၍ ခေါက်ရေတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်အဖွဲ့များနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးလျက်ရှိပြီး အချို့အဖွဲ့များနှင့်လည်း ဆွေးနွေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ လူငယ်များ စာရိတ္တမြင့်မားရေးအတွက် ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာကို သင်ကြားပေးလျက်ရှိပြီး ဒီမိုကရေစီအနှစ်သာရကိုလည်း သိရှိအောင် သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွန်းစိုက်ခင်းများ တိုးတက်ရေးအတွက် နိုင်ငံတဝန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးသွားရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ ပြဌာန်းနိုင်ရေး ပြန်လည်စိစစ် သုံးသပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။