၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုများကို လျစ်လျူရှုငြင်းဆန်မှုများ၊ အငြင်းပွားမှုများကို မရှင်းလင်းသေးပဲ လွှတ်တော်ကိုခေါ်ယူကာ နိုင်ငံတော်အာဏာကိုရယူရန် ကြိုးပမ်းမှုများက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာရခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာရခြင်းတို့၏ အဓိကအကြောင်းတရားများသာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ရှင်းလင်းစွာချပြထားပြီး “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ထားပြီးလည်းဖြစ်သည်။
CRPH၊ NUG အကြမ်းဖက်အုပ်စုများအနေဖြင့် အကြမ်းဖက်ဝါဒကို ကိုင်စွဲကာ တော်လှန်ရေးအမည်ခံအကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့၏ ပစ်မှတ်များမှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိဘဲလုပ်ကြံရန် အလွန်လွယ်ကူသည့် အရပ်ဘက်ပစ်မှတ်များဖြစ်သော နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းတို့နှင့်သဘောထားမတူသော အရပ်သူ အရပ်သားများ၊ ရဟန်း သံဃာ သီလရှင်များဖြစ်ပြီး တစ်ခါတစ်ရံ၎င်းတို့အား ထောက်ခံသူများကိုပင် မှားယွင်းသတ်ဖြတ်မှုများပါဝင်ကြောင်း တွေ့ရှိရသည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်အာဏာရှင်အမြစ်ဖြတ်ရေးဟူသော မရေမရာခေါင်းစဉ်ဖြင့် ပြည်ပနိုင်ငံများ၌ အလှူခံတောင်းရမ်းမှုများ ဗွက်ပေါက်လာသလို တောတွင်းရောက်နေသူများ၏ ဒုက္ခသုက္ခများ၊ ငိုကြွေးသံများ၊ အပြန်အလှန် ဆဲရေးတိုင်းထွာသံများဖြင့် နိုင်ငံခြားကို အတုယူမှီငြမ်းကာ ကဗျာဆန်ဆန်အမည်ပေးထားသည့် တော်လှန်ရေးဆိုသည်မှာလည်း လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်လာနေပြီ ဖြစ်သည်။
ယင်းသို့သော အခြေအနေတွင် နယ်စပ်ဒေသများနှင့် EAO များ၏ ဒေသများအပါအဝင် ပြည်တွင်းပြည်ပများသို့ ရောက်ရှိနေကြသူများအနက်မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကာ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်လိုသူများကို နိုင်ငံတော်က အာမခံချက်ပေး၍ ဖိတ်ခေါ်လျက်ရှိရာ ပြန်လည်ဝင်ရောက်လာသူများနှင့် ပြန်လည်ဝင်ရောက်လိုသူများ များပြားလျက်ရှိနေသည်။ နိုင်ငံတော်အစိုးရကလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်လူရွယ်များသည် နိုင်ငံတော်၏ အနာဂတ်အင်အားများပင်ဖြစ်ရာ တောတွင်းသို့သွားပြီး ဘဝကိုနစ်မွန်းစေမည့်အစား မိမိတို့၏ ပညာရေးမပြီးဆုံးသေးပါက ပညာကိုဆက်လက်သင်ယူခြင်း၊ ပညာသင်ယူမှု ပြီးဆုံးပြီးသူများအနေဖြင့်လည်း မိမိတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများဖြင့် နိုင်ငံတော်တည်ဆောက်ရေး၌ တစ်တပ်တစ်အားပါဝင်ခြင်း၊ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လိုပါကလည်း အသိဉာဏ်ပညာမြင့်မားစွာဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်နိုင်ရန် မိမိကိုယ်ကိုယ် ဖြည့်ကျင့်ခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အချိန်ကြာမြင့်သည်နှင့်အမျှ ထိခိုက်နစ်နာ ဆုံးရှုံးမှုတို့ များပြားလာမည်သာဖြစ်ရာ မိမိတို့အတွက် အချိန်မနှောင်းမီကြိုဆိုလက်ခံရေး စခန်းအသီးသီး၊ အသင်းအဖွဲ့အသီးသီး၊ ရုံးဌာနအသီးသီးဆီသို့ ဆက်သွယ်ဆောင်ရွက်ကာ အေးချမ်းလုံခြုံရာ နေ့စဉ်ဘဝများဆီ ပြန်လည်လာရောက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်