Skip to main content

ဗုဒ္ဓအဆုံးအမဖြင့် အနာဂတ်ကိုတည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာပြီး တည်ဆဲဥပဒေများအပေါ်တွင်မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကို ဖြေရှင်းဆောင်ရွက်ရာ၌ ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ စစ်အုပ်ချုပ်ရေးကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သည်။

ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကိုအကြောင်းပြု၍ နိုင်ငံကို အလုံးစုံပျက်သုဉ်းအောင် ကြံစည်လာသော အကြမ်းဖက်အဖွဲ့ CRPH နှင့် NUG တို့ကဖန်တီးပေးခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖောက်ခွဲဖျက်ဆီးမှုများအပြင် ရက်စက်ယုတ်မာသည့် အကြမ်းဖက်သတ်ဖြတ်မှုများပါ ပြုလုပ်လာကြသည်။ PDF အမည်ခံအကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့အထိ သံဃာတော် ၅၂ ပါးနှင့် သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့သည်။ မပြစ်မှားအပ်သော ရဟန်းသံဃာတော်များအား ကျူးလွန်သည့်လုပ်ရပ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင်လည်း အလားတူဖြစ်သည်ကို တွေ့ရသည်။

အကြမ်းဖက်သမားများလက်ချက်ကြောင့် ပညာရေးဝန်ထမ်းများ သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေမှာ သေဆုံးသူ ၄၇ ဦး၊ ဒဏ်ရာရသူ ၂၁ ဦး၊ ပျောက်ဆုံးသူ ၂၅ ဦး စုစုပေါင်း ၉၃ ဦးရှိပြီဖြစ်သည်။ ကလေးသူငယ် လူငယ်လူရွယ်များအနာဂတ်အတွက် ပြုစုပျိုးထောင်ပေးနေသော အနန္တဂိုဏ်းဝင် ဆရာများအား သတ်ဖြတ်ခံရမှုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည်ကို တွေ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်သည် သံဃာတော်များ၊ သီလရှင်များ အများဆုံးသီတင်းသုံးရာနေရာဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် ရှေးအစဉ်အဆက် ဘာသာတရားထွန်းကားရာဒေသဖြစ်ပြီး ဗုဒ္ဓဘာသာကိုရှေးအကျဆုံးနှင့် အများဆုံးကိုးကွယ်ဆည်းကပ်ရာဒေသဖြစ်သည်။ သာသနာတော်တွင် သာသနာပြုရဟန်းရှင်လူပုဂ္ဂိုလ်များနှင့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ထူးအရှင်သူမြတ်များ ယနေ့ထက်တိုင်အောင် သီတင်းသုံးရာ၊ ပေါ်ထွန်းရာအရပ်ဒေသဖြစ်သည်။

ရှေးအစဉ်အဆက် အညာဒေသပြည်သူများအနေဖြင့်လည်း ဘာသာသာသနာ ထွန်းကားရာဒေသတွင် နေထိုင်ကြသူများဖြစ်သည်နှင့်အညီ ယဉ်ကျေးမှုအစဉ်အလာကြီးမားပြီး ဘာသာတရားကို ရိုသေဆည်းကပ်ကိုးကွယ်ကြသည်။ သို့သော် ယနေ့အချိန်အခါတွင် ဖီလာဆန့်ကျင် ပြောင်းပြန်ဖြစ်သွားသည်ကို အံ့သြဖွယ်မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ရဟန်းသံဃာတော်များကို သတ်ဖြတ်သည်အထိ ကြီးလေးသောအပြစ်တို့ကို ကျူးလွန်လာကြသည်။ မိရိုးဖလာဗုဒ္ဓ ဘာသာဝင်များဖြစ်သော်လည်း မျက်မှောက်ကာလ မျိုးဆက်သစ်များကို အမိုက်မှောင်ဖုံးအောင် လွှမ်းမိုးနိုင်ခဲ့သည့် လက်သည်အစစ်အမှန်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိပြီး ရှေးရိုးအစဉ်အလာအရမိရိုးဖလာဘာသာကို အများဆုံးကိုးကွယ်ကြရာ နိုင်ငံလူဦးရေ၏ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်သည်။

ယနေ့ ဘာသာတရားကို ဖျက်ဆီးပြစ်မှားနေသည့် အကြမ်းဖက်သမားများအားဥပဒေကြောင်းအရ ထိရောက်စွာရှင်းလင်းဖယ်ရှားလျက်ရှိသည်။ သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါး၏ဥစ္စာကို ခိုးဝှက်လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုကျင့်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည့်မကောင်းမှုများသည် တရားဥပဒေကို ချိုးဖောက်သော ဒုစရိုက်အမှုများဖြစ်၍ ဥပဒေ၏ဒဏ်ခတ်ခြင်းကို ခံရမည်သာဖြစ်သည်။ သံသရာတွင် ကံကံ၏အကျိုးကြောင့် မလွတ်နိုင်သော ဆင်းရဲဒုက္ခငရဲတွင်းသို့ ကျရောက်ရမည်သာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များဖြစ်ပါလျက်နှင့် ဗုဒ္ဓဘာသာကို ဖျက်ဆီးစော်ကားလာသည့်ဇာစ်မြစ်ကို ပြန်လည်သုံးသပ်၍ သင်ခန်းစာယူရမည်ဖြစ်သည်။

ဤဒုစရိုက်မှုများသည် နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်အကျိုးကို ဆုတ်ယုတ်စေသည်။ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးရေး၊ ပြည်ထောင်စုကြီး တည်တံ့သာယာဝပြောရေးကို အလိုရှိကြကုန်သော ပြည်သူအပေါင်းတို့သည် မင်းမဲ့စရိုက်ဖြစ်သည့် ထိုဒုစရိုက်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ ပျက်ပြားမှုမှဖြစ်ပေါ်လာသည့် ဒုစရိုက်မှုများ အနာဂတ်တွင်ဖြစ်ပေါ်မလာအောင် မျိုးဆက်သစ်များ၏ နှလုံးသားတွင် ဗုဒ္ဓအဆုံးအမများ ကိန်းဝပ်လာအောင် ပြုလုပ်ပေးရမည်ဖြစ်ပါကြောင်း။         ။

ကြေးမုံ,အယ်ဒီတာ့အာဘော်