ရန်ကုန် မတ် ၂၅
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
မကြာမီရောက်ရှိတော့မည့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန် တွင် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကိုထင်ဟပ်စေသည့် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့ကြသော အနုပညာ ရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲများကို ရုပ်မြင်သံကြားနှင့် အင်တာနက်တို့မှတစ်ဆင့် ထုတ်လွှင့်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူ များ၊ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC)မှ တာဝန်ရှိသူများပူးပေါင်း၍ စီစဉ် ရိုက်ကူးခြင်းဖြစ်သည်။
ယနေ့ရိုက်ကူးမှုတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပါဝင်ဆောင်ရွက်ပြီး “မန္တလေး” ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသည့် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားကို တည်းဖြတ်သူ အကယ်ဒမီ အောင်လွင်၊ သရုပ်ဆောင် ဒေါ်မေမြင့်ရီနှင့် ဇာတ်ဝင်တေးသီချင်းသီဆိုသူ ဒေါ်ထားတို့က ၁၉၆၃ ခုနှစ်၏ မန္တလေးသင်္ကြန် ရိုက်ကူးရန် “မန္တလေး”ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယုနှင့် သရုပ်ဆောင် ဦးဝင်းဦးတို့အား အပ်နှံခဲ့မှုနှင့် ရုပ်ရှင်ဇာတ်ကား စတင်ဖြစ်ပေါ်လာပုံ၊ မန္တလေးမြို့တွင် ရိုက်ကူးခဲ့ပုံ၊ ဇာတ်ကားမရိုက်ကူးမီ ကြိုတင်ပြင်ဆင်ခဲ့မှု၊ ဇာတ်ဝင်တေးသီချင်း သီဆိုပုံ၊ အဓိကသရုပ်ဆောင် ဦးဝင်းဦး အပါအဝင် သရုပ်ဆောင်များ၏ သရုပ်ဆောင်ပုံနှင့် ဝတ်စားဆင်ယင်မှု၊ ရိုက်ကူးပြီးနောက် ကားဆက်ခဲ့မှု အတွေ့အကြုံတို့ကို ဆွေးနွေးကြသည်။
အဆိုပါ သင်္ကြန်ရင်ခုန်သံစကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များအဖြစ် သင်္ကြန်ပုံရိပ်ပေါ်လွင် ထင်ဟပ် စေသည့် ရုပ်ရှင်ဇာတ်ကားများဖြစ်သော “မောင်တို့ချယ်ရီမြေ”(ဒုတိယပိုင်း)၊ “မှုံရွှေရည်”နှင့် “ပိတောက် ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားများအကြောင်း ဆက်လက်ရိုက်ကူးမည်ဖြစ်ရာ ယင်းအစီအစဉ်များကို သင်္ကြန်ကာလအတွင်း MRTV မှ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (FDC)