Skip to main content

စနစ်တကျနှင့် စိုက်သမျှရှင်သန်

သစ်ပင်သစ်တောများမရှိပါက မိမိတို့နေထိုင်ရာ မြေကမ္ဘာကြီးမှာ စကြဝဠာကြီးအတွင်းရှိအခြားဂြိုဟ်များကဲ့သို့ပင် သက်ရှိဇီဝတို့ ဆိတ်သုဉ်းလျက် ချောက်ချားဖွယ်အတိ ဖြစ်နေမည်ဖြစ်သည်။ သစ်ပင်သစ်တောများကြောင့်သာ ကမ္ဘာကြီးသည် စိမ်းစိုသာယာလျက် လူသားတို့အပါအဝင် သားငှက်တိရစ္ဆာန်နှင့် ဇီဝမျိုးစုံတို့ အပြန်အလှန် အမှီသဟဲပြုကာ ရှင်သန်နေထိုင်နေကြခြင်းဖြစ်သည်။ သို့ရာတွင် လူသားတို့၏ ပယောဂကြောင့် သစ်ပင်သစ်တောများမှာ တစ်စတစ်စလျော့နည်းပြုန်းတီးလျက်ရှိရာ ဇီဝမျိုးစုံမျိုးကွဲတို့၏ နေရင်းဒေသများ ပျက်စီးဆုံးရှုံးခြင်းနှင့်အတူ ဂေဟစနစ်များမှာလည်း ပျက်စီးသွားကြရသည်။လူသားတို့အနေဖြင့် မိမိတို့ကြောင့်ပျက်စီးရသည့် သဘာဝပတ်ဝန်းကျင်များကို မိမိတို့ကပင် ပြန်လည်ပြုပြင်ထိန်းသိမ်းရန်တာဝန်အရှိဆုံးဖြစ်သည့်အလျောက် သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုး တည်ထောင်မှု ပြုလုပ်ကြရခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် နှစ်စဉ်မိုးရာသီကာလသည် မိုးရေကြောင့် မြေသားစိုစွတ်ပျော့ပျောင်းကာ သစ်ပင်စိုက်ပျိုးရန် လွယ်ကူသင့်တော်သည့်အားလျော်စွာ မိုးရာသီသစ်ပင်စိုက်ပွဲတော်များကို နိုင်ငံတစ်နံတစ်လျားတွင် ကျင်းပပြီးသိန်းနှင့်ချီသော သစ်ပင်များကိုစိုက်ပျိုးသည့် အစဉ်အလာတစ်ရပ်ဖြစ်ထွန်းနေပြီ ဖြစ်သည်။ သို့ရာတွင် စိုက်ပျိုးပြီးသစ်ပင်များအားလုံး ရာနှုန်းပြည့် မဟုတ်သည့်တိုင် အထိုက်အလျောက် ရှင်သန်နိုင်ရန် ပြုစုပျိုးထောင်မှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရသည်။ အထူးသဖြင့် မိုးနည်းရပ်ဝန်းဒေသများတွင် သစ်ပင်စိုက်ပျိုးမှု၏ ရလဒ်ကောင်းများကို သိသိသာသာ တွေ့ရှိနိုင်ခြင်းကြောင့် စိုက်ပျိုးသမျှရှင်သန်စေမည်ဆိုပါက သစ်ပင်သစ်တောများ တည်ရှိခြင်း၏ အကျိုးရလဒ်ကောင်းများကို ဒေသခံပြည်သူများ ရရှိခံစားနိုင်ကြမည်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကား ပြောကြားရာ၌ “တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမဟုတ်ဘဲ သစ်စေ့မှတစ်ဆင့် သန်စွမ်းသည့် ပျိုးပင်ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်းပျိုးပင်ကိုမြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီး သစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီး သစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးသည့်စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲတော်တိုင်းတွင် အထက်ပါအတိုင်း စနစ်တကျ စိုက်ပျိုးနိုင်သည်နှင့်အမျှ စိုက်သမျှ ရှင်သန်နိုင်မည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင်မိမိတို့နိုင်ငံသားတိုင်းက သစ်တောနှင့် သစ်ပင်ကို အမှန်တကယ် ချစ်ခင်မြတ်နိုးစွာထိန်းသိမ်း စောင့်ရှောက်ကြပြီး သစ်ပင်ကို နှစ်စဉ်စိုက်ပျိုးကြရာတွင် စနစ်တကျနှင့်စိုက်သမျှ ရှင်သန်အောင်စိုက်ပျိုးနိုင်ကြသည်နှင့်အမျှ နိုင်ငံတစ်ဝန်းမြို့ရွာဒေသဟူသမျှ စိမ်းစိုသာယာလှပကာ ဥတုသပ္ပာယမျှတသည့် ဝန်းကျင်ကိုပိုင်ဆိုင်နိုင်ကြမည် ဧကန်မလွဲနိုင်ပါကြောင်း။။