Skip to main content

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားများ အဆင်ပြေလွယ်ကူစွာသွားလာနိုင်ရေး ယာဉ်အသင်းများက ဆောင်ရွက်ပေးမည်

မန္တလေး မတ် ၂၇

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ယာဉ်အသင်းများမှ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

အဆိုပါယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း၌ ခရီးသွားပြည်သူ များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အဝေးပြေးကား ကွင်းရှိ ကော်မတီရုံးတွင် ဧပြီ ၉ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းအသင်းများနှင့် ပူးပေါင်းကာ ကားလက်မှတ် အခက်အခဲရှိသူများအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလအတွင်းမှာ မန္တလေးမြို့ကနေ နေရပ် ပြန်မယ့်သူ၊ ခရီးထွက်မယ့်သူတွေအတွက် ကားလက်မှတ် အခက်အခဲမရှိအောင် ကျွန်တော်တို့ကိုယ်တိုင် ဧပြီ ၉ ရက် ကနေ ၂၁ ရက်အထိ ကားဝင်းက ကော်မတီရုံးမှာ သွားနေပြီး ကားလက်မှတ် မရရှိသူတွေအတွက် ခရီးသည်ကိုယ်တိုင် မှတ်ပုံတင်နဲ့ လာရောက်ပြောပြရင် လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုဆောင်ရွက် ပေးမယ်ဆိုတာကို ခရီးသည်တွေ သိရှိအောင်လည်း ကားကွင်းအဝင်ဝမှာရှိတဲ့ ယာဉ်လိုင်းများ ကြီးကြပ်ရေးအဖွဲ့ ရုံးရှေ့မှာ ဗီနိုင်းတွေနဲ့ ရေးသားကြေညာပြီး ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အဲဒီကာလမှာ ခရီးသွားတွေအဆင်ပြေအောင် ဆောင်ရွက် နိုင်ဖို့ ညွှန်ကြားချက်တွေ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေး သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီအနေဖြင့် သင်္ကြန်ကာလအတွင်း၌ ခရီးသွားပြည်သူများအတွက် မလိုလားအပ်သည့် ဆိုးကျိုး များနှင့် မှောင်ခိုရောင်းချမှုများ မဖြစ်ပေါ်စေရန် အွန်လိုင်း စနစ်ဖြင့် ကားလက်မှတ် ကြိုတင်မှာယူမှုများအား ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။
“အရင်နှစ်တွေက ခုလို သင်္ကြန်ကာလမှာ ကားလက်မှတ် အခက်အခဲရှိသူတွေကို ကူညီနိုင်ဖို့ ယာဉ်အသင်းတိုင်းကို လက်မှတ် ငါးစောင်စီ ချန်ခိုင်းထား သလို စီးလုံးငှားပြီး ပို့ဆောင်ပေးနိုင်တဲ့အထိကို စီစဉ်ပေး ခဲ့ပါတယ်။ ကျွန်တော်တို့ မန္တလေးရဲ့ထုံးစံက သင်္ကြန်မတိုင် ခင်မှာ ကားလက်မှတ်ခက်ခဲတာ မရှိဘူး။ သင်္ကြန်အပြီး ကာလမှာပဲ ပြန်တဲ့သူများတဲ့အတွက် ကားလက်မှတ် ခက်ခဲတာပါ။ ပြောရရင် မန္တလေးသင်္ကြန်ကို လာရောက် ဆင်နွှဲကြတာပေါ့။ ဒီနှစ်မှာ မန္တလေးသင်္ကြန်ပွဲတော်လည်း မရှိတဲ့အတွက် ခရီးသွားတွေအနေနဲ့ လက်မှတ်အခက်အခဲ သိပ်မရှိနိုင်ဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့မှ ပြေးဆွဲ မည့် ယာဉ်အစီးရေကို ဧပြီ ၉ ရက်မတိုင်မီ သိရှိစေရန် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်လိုင်းအသင်းများထံမှ စာရင်းများကောက်ယူသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ တွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ယာဉ်အသင်းပေါင်း ၅၀၀ ကျော်ဖြင့် ခရီးစဉ်များ ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)