Skip to main content

နိုင်ငံရေးယဉ်ကျေးမှုမြင့်မားရေး

ငြိမ်းချမ်းရေးသို့ သွားရာလမ်းသည် နိုင်ငံရေးယဉ်ကျေးမှုဖြစ်သည်။ ငြိမ်းချမ်းရေးတည်ရှိမှသာလျှင် နိုင်ငံရေးယဉ်ကျေးမှုသည်လည်း ရှင်သန်မည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးယဉ်ကျေးမှုသည် ခွဲခွာ၍မရအောင် ဆက်စပ်နေသည်။ နိုင်ငံရေးယဉ်ကျေးမှုဆိုသည်မှာ အခြားမဟုတ်။ လူသားအချင်းချင်း၊ ပြည်သူအချင်းချင်း၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်လေးစားကာ ကူညီပူးပေါင်းကြခြင်းဖြင့် စည်ပင်ဝပြောသော၊ ငြိမ်းချမ်းသောကမ္ဘာသစ်ကို တည်ဆောက်ကြရန်ဖြစ်သည်ဟူ၍ ငြိမ်းချမ်းရေးစာဆို ဆရာကြီးဒဂုန်တာရာက နိုင်ငံရေးယဉ်‌ကျေးမှုနှင့် မျိုးဆက်သစ်အမည်ရှိဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုများကို ပြည်သူများက စိုးရိမ်ထိတ်လန့်နေရသည့် အခြေအနေဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမျှော်မှန်းချက်ဖြင့် အခြေခံလိုအပ်ချက်ဖြစ်သော တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သည့်လုပ်ငန်းစဉ်များသည် သီးခြားပေါ်ထွက်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများရှိခဲ့သည်။ ရွေးကောက်ပွဲမဲမသမာမှု လုပ်ရပ်များမှသည် နိုင်ငံရေးအယူအဆ၊ သဘောထားအမြင်ကွဲလွဲမှုများကို လက်မခံမှုများ၊ ရန်သူအဖြစ်သတ်မှတ်ကာ အကြမ်းဖက်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် ယင်းလုပ်ရပ်များကို မျက်စိမှိတ်ထောက်ခံနေမှုများက နိုင်ငံရေးယဉ်ကျေးမှုရေချိန် လွန်စွာနိမ့်ပါးနေမှုကို ပြသလျက်ရှိသည်။ နိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးတို့အတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အလေးထားမှု၊ လေးစားမှု၊ တူရာတူရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုတို့အစား မာန်မာနများနှင့် ငါတကောကောမှုတို့က နိုင်ငံနှင့် ပြည်သူလူထုအတွက် အနုတ်လက္ခဏာသဘောကိုသာ ဆောင်စေသည်။

နိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်ပြီး ငြိမ်းချမ်းရေး၏အခြေခံမှာ နိုင်ငံရေးယဉ်ကျေးမှုဖြစ်သည်။ နိုင်ငံရေးယဉ်ကျေးမှုရေချိန်ကို မြှင့်တင်နိုင်ပါမှ ငြိမ်းချမ်းရေးကို မျှော်မှန်းနိုင်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ငြိမ်းချမ်းမှသာလျှင် စည်ပင်ဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငယ်စဉ်က သင်ကြားခဲ့ရသည့် ခြင်္သေ့နှင့် တောဝက်ပုံပြင်ကဲ့သို့ပင် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားကာ တိုက်ခိုက်နေကြခြင်းဖြင့် ပျက်စီးဆုံးရှုံးသူမှာ မိမိတို့သာဖြစ်ပြီး တစ်ပါးသူတို့က အမြတ်ထုတ်သွားမည်သာဖြစ်သည်ကို ရှုမြင်နိုင်ကြရန် လိုအပ်သည်။

နိုင်ငံနှင့်ပြည်သူအကျိုးအတွက် နိုင်ငံရေးနယ်ပယ်မှ ဆောင်ရွက်ကြရာတွင် မိမိအကျိုးနှင့် အဖွဲ့အစည်းအကျိုးတို့ ယှဉ်လာပါက အဖွဲ့အစည်း၏အကျိုးကို ဦးစားပေးကာ၊ အဖွဲ့အစည်း၏ အကျိုးနှင့် နိုင်ငံ့အကျိုးတို့ယှဉ်လာပါက နိုင်ငံ့အကျိုးကို ဦးစားပေးကြရမြဲဖြစ်သည်။ နိုင်ငံရေးနယ်ပယ်တွင်လည်း နိုင်ငံရေးယဉ်ကျေးမှုကို မြင့်မားအောင်တည်ဆောက်ကာ လက်ခံကျင့်သုံးနိုင်ကြပါမှ နိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ သာယာဝပြောရေးကို မျှော်မှန်းနိုင်ကြမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်