မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိဒေသများတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့နှင့် ကြုံတွေ့နေရသည်ကို တွေ့ရသည်။ အေးသောနိုင်ငံများတွင် အပူလှိုင်းဖြတ်ခြင်း၊ ပူသောနိုင်ငံများတွင် အအေးလှိုင်းဖြတ်ခြင်း၊ ကုန်းတွင်းမိုးနည်းသောဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မုန်တိုင်းဖြစ်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအမျိုးမျိုးတို့ဖြစ်ပေါ်နေသဖြင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။
ကမ္ဘာကြီးသည် စတင်ဖြစ်တည်လာချိန်မှစ၍ သတ္တဝါများ အသက်ရှင်သန်နေထိုင် ဖွံ့ဖြိုးလာရေးအတွက် ဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ကမ္ဘာကြီးတွင် သက်ရှိများရှင်သန်ရပ်တည်နေထိုင်နိုင်ရေးကို အန္တရာယ်ပြုလာသည့် ဖောက်လွဲဖောက်ပြန် ဖြစ်စဉ်များဖြစ်ပေါ်လာသည်။ ယင်းသို့ ဖောက်လွဲဖောက်ပြန်ဖြစ်လာအောင် လူတို့ကဖန်တီးနေခြင်းဖြစ်သည်။ လူတို့၏ အတောမသတ်နိုင်သော လောဘများကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားပျက်စီးမှုများ တစ်စတစ်စများပြားလာရာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများဖြစ်ပေါ်လာပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို သက်ရှိသတ္တဝါအားလုံး ရင်ဆိုင်ကြုံတွေ့လာကြရသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့ပါးရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြသည်။ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ကြရာ၌ ပြည်သူလူထုအား အသိပညာပေးရေးသည် အဓိကကျသဖြင့် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပကြပြီး အသိပညာပေးလျက်ရှိသည်။
ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝကို ပညာရှင်များက မျက်ခြည်မပြတ်လေ့လာနေကြပြီး မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ရာသီအလိုက်၊ ဒေသအလိုက်ခန့်မှန်းပြီး နိုင်ငံအတွင်းရှိ စွမ်းအားအရင်းအမြစ်များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးအစီအမံများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်ဆောင်ရွက်နေပြီဖြစ်သည်။ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခိုင်မာသော ဖွဲ့စည်းတည်ဆောက်မှု၊ လုပ်ငန်းစနစ်ကောင်းမွန်မှု၊ စုစည်းညီညွတ်သည့် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်မှုတို့သည် မရှိမဖြစ်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၁/၂၀၂၂)တွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာစီမံချက်ကို ရေးဆွဲထားသည်။ စီမံချက်ပါအတိုင်း ကြိုတင်ပြင်ဆင်စုဖွဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အန္တရာယ်ကိုကျော်လွှားနိုင်ရန် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူလူထုနှင့်အထောက်အကူပြုအဖွဲ့များအားလုံး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်ပေါ်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအား တုံ့ပြန်ဆောင်ရွက်မှုမှရရှိခဲ့သည့် အတွေ့အကြုံများကိုအခြေခံ၍ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(၂၀၀၉)ကို ရေးဆွဲထုတ်ပြန်အသုံးပြုခဲ့သည်။
အဆိုပါတည်မြဲအမိန့်ကိုအသုံးပြုဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလ ၁၂ နှစ်ကျော်ရှိလာပြီဖြစ်၍ လက်ရှိကာလ ကမ္ဘာပေါ်တွင်ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးဖြစ်ပွားမှုအခြေအနေများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာပြောင်းလဲတိုးတက်မှုများကို ပြန်လည်သုံးသပ်၍ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့်တည်မြဲအမိန့်ကို ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ပူးပေါင်းပါဝင်၍ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ကာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့လူသားများ အမျိုးမျိုးကြုံတွေ့ကြရတော့မည်ဖြစ်ရာ ယင်းကိုလျှော့ချနိုင်ရန်အတွက် စီမံခန့်ခွဲရေးလုပ်ငန်းများကို အမြဲတစေ ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်သည်။ သဘာဝဘေးစီမံခန့်ခွဲရေးလုပ်ငန်းများသည် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းမဟုတ်သဖြင့် ပေါင်းစည်းချိတ်ဆက် တာဝန်ခွဲဝေယူဆောင်ရွက်နိုင်ရန် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်