ရန်ကုန် မတ် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(ဝိဇ္ဇာ) တတိယဆု ရရှိသည့် စာရေးဆရာခင် (တောင်ကြီး)၏ ‘‘တောင်ကြီးမြို့၏ ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံ ပွဲတော်’’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ဒုတိယကမ္ဘာစစ်မတိုင်မီ ၁၉၃၈ ခုနှစ်ကပင် ရှမ်းပြည် နယ် တောင်ကြီးမြို့တွင် မီးပုံးပျံပွဲတော်ကို ရိုးရာပွဲအဖြစ် အစဉ်အလာမပျက် ခမ်းနားစွာ ကျင်းပပုံ၊ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် နှစ်စဉ် တန်ဆောင်တိုင်ပွဲ ကျင်းပရာ နေ့လွှတ်မီးပုံးပျံ (အရုပ်ပြိုင်ပွဲ)၊ ညလွှတ်မီးကြီး(မီးကျည်) ပြိုင်ပွဲ ပြင်ဆင်ပြုလုပ်ပုံ၊ စိန်နားပန်မီးပုံးပျံပွဲ စသည့် အခင်းအကျင်းများကို အသေးစိတ်သရုပ်ဖော်ရေးသားထားသည့်အပြင် မီးပုံးပျံပွဲများ ပြုလုပ်ပုံ၊ ထူးခြားသည့် ရည်ရွယ်ချက်၊ ထားရှိသည့်ခံယူချက်များကိုလည်း သိမှတ်စရာ အဖြစ် အားဖြည့်ဖော်ပြထားပြီး ရိုးရာဓလေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပုံကို ဓာတ်ပုံ၊ ရုပ်ပုံများဖြင့် ဝေဝေဆာဆာ တင်ပြထားသော စာအုပ် ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၁၃၀၀ ဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တို့ရှိ စာပေဗိမာန်စာအုပ်ဆိုင်များနှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်