ကမ္ဘာပေါ်တွင် နိုင်ငံများရပ်တည်မှုက ယှဉ်ပြိုင်မှုဖြင့် ရပ်တည်နေကြရခြင်းဖြစ်သည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသူတို့ကသာ တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့တက်လှမ်းသွားနိုင်ကြပြီး ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့သူတို့မှာ အောက်တန်း၌သာ ကျန်နေရစ်ခဲ့ရသည်။ နိုင်ငံတွင် မည်သည့်သဘာဝသယံဇာတမျှ မထွက်သည့်အတွက် အဓိကအကျဆုံးသော လူ့စွမ်းအားအရင်းအမြစ်ကို ပြုစုပျိုးထောင် မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်သော နိုင်ငံများအဖြစ် ရပ်တည်နိုင်သည့်နိုင်ငံများကို မိမိတို့အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၌ပင် တွေ့ရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်ရပ်တည်နိုင်မှု စွမ်းရည်ဆိုသည်မှာ ထိုနိုင်ငံရှိ လူ့စွမ်းအား အရင်းအမြစ်၏ အရည်အချင်းပင်ဖြစ်ရာ အရည်အချင်းမြင့်မားသည်နှင့်အမျှ ယှဉ်ပြိုင်နိုင်စွမ်းလည်း မြင့်မားမည်ဖြစ်သည်။
အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားစိုက်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ပညာတတ်မြောက်သော လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင် မည်ကို လူသိများကြသော်လည်း အခြားသောကဏ္ဍများမှလည်း ဝိုင်းဝန်းမြှင့်တင်ရန် လိုအပ်ကြောင်း ပညာရှင်တို့က ထောက်ပြမှု များရှိသည်။ လက်ရှိမိမိတို့နိုင်ငံတွင် ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် ပညာရေးနိမ့်ကျခြင်း တို့မှာ ကရွတ်ကင်းလျှောက်သကဲ့သို့ တစ်ပတ်ပြီးတစ်ပတ် သံသရာလည်လျက်ရှိသည်။ ရလဒ်အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် အသုံးပြုရမည့် လူ့စွမ်းအားများမှာ အရည်အသွေးနိမ့် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အိမ်နီးချင်းနိုင်ငံများ၏ အောက်ခြေအလုပ်သမားဈေးကွက်များသို့ ရောက်သွားရခြင်းပင် ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ “ပညာရေး မမြှင့်တင်ရင် တိုင်းပြည်ဘယ်လိုလုပ်မှကို တိုးတက်မှုမရှိနိုင်ဘူး၊ ကျွန်တော်တို့ ဆန်းစစ်ချက်တွေအရ ပညာရေးဟာ နိမ့်ပါးပါတယ်။ တော်တော်ကို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ တစ်ဝက်လောက်က၊ တစ်ဝက်ကျော်ကျော်လောက်က အခြေခံပညာအလယ်တန်းနဲ့ အောက်မှာပဲရှိတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့ပြီး “ပညာရေးကောင်းချင်ရင်၊ ပညာရေးနဲ့ ပတ်သက်ရင် ပညာရေးတစ်ခုတည်း ကျွန်တော်တို့အစိုးရ အားထည့်နေလို့မရဘူး၊ ပြည်သူပြည်သားအားလုံးရဲ့ လူမှုဘဝစီးပွားကို တက်အောင်လုပ်ပေးမှရမယ်။ အဲဒီလိုသာ မလုပ်နိုင်ဘူးဆိုရင် အတူတူပဲ၊ တလည်လည်နဲ့ပဲ ဖြစ်နေမှာဖြစ်တယ်။ ဒါကြောင့် ပညာရေးမြှင့်တင်မှုပိုင်းဟာ ပညာရေးဝန်ကြီးဌာန တစ်ခုတည်း နဲ့မဆိုင်ဘူး၊ အားလုံးက ဆိုင်ပါတယ်။ အားလုံးနဲ့ဆိုင်တယ်”ဟူ၍လည်း ပြောကြားခဲ့သည်။
ပညာရေးနိမ့်ကျနေရခြင်းတွင် အခြေခံအကြောင်းရင်းများလည်းပါရှိနေရာ ပညာရေးမြှင့်တင်ရေးနှင့်အတူ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးရေးတို့ကိုပါ တစ်ပါတည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ ယင်းလုပ်ငန်းများသည် ပမာဏကြီးမားသကဲ့သို့ ဆယ်စုနှစ်နှင့်ချီကာ အမျိုးသားရေးအသွင် မဖြစ်မနေဆောင်ရွက် သွားရမည့်လုပ်ငန်းလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အဆိုးကြော့ သံသရာမှ ရုန်းထွက်နိုင်ရန်မှာ စိတ်ဓာတ်၊ ဆန္ဒ၊ ဝီရိယနှင့် ဉာဏ်ပညာတို့ဦးစီးကာ အားလုံးပါဝင်ခြင်းဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။ ။