Skip to main content

စည်းလုံးညီညွတ်မှုဖြင့် ကောင်းမွေဖန်တီး

ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းလာအောင် ပြည်သူများက ပါဝင်ဖော်ဆောင်ကြရမည်ဖြစ်သည်။ အင်အားနည်းပါးချို့တဲ့နေသောအခါ၌ အခြားတစ်ပါး၏အကူအညီကိုယူအပ်ပြီး အတိုင်းအတာတစ်ခုတွင် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးကြရမည် ဖြစ်သည်။ မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးရာ၌ စည်းလုံးညီညွတ်မှုသည် မရှိမဖြစ်လိုအပ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက မိမိတို့ကံကြမ္မာကို မည်သည့်အခါမျှ ဖန်တီး၍ရမည်မဟုတ်ဘဲ အကွဲကွဲအပြဲပြဲဖြင့် အဆိုးသံသရာတွင် လည်နေရမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာကြည့်လျှင် စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူခဲ့သော်လည်း စည်းလုံးညီညွတ်မှုလျော့နည်းခဲ့၍ အကွဲကွဲအပြားပြားဖြစ်ကာ မငြိမ်းချမ်းသောဘဝများကို ယနေ့ထက်တိုင် ကြုံတွေ့နေရသည်။ အကျိုးဆက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး နိုင်ငံတကာအလယ်တွင် မျက်နှာငယ်ရသည့်ဘဝအခြေအနေသို့ရောက်ခဲ့သည်။ စည်းလုံးညီညွတ်မှု ယိုယွင်းခြင်းကို ဆန်းစစ်ကြည့်လျှင် အချင်းချင်းစိတ်သဘော ထားကွဲလွဲခြင်းဆိုသည်ထက် အခြားပြည်ပက သွေးခွဲခြင်းအမျိုးမျိုးတို့ကြောင့် စည်းလုံးညီညွတ်မှုပျက်ပြားခဲ့ရသည်ဟုဆိုချင်သည်။

ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုသည် ယနေ့ထက်တိုင်အောင် ကြီးစိုးနေဆဲဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် အရှေ့/အနောက် အုပ်စုများ အားပြိုင်မှုများပေါ်ပေါက်ခဲ့သည်။ အမေရိကန်သည် အာရှ-ပစိဖိတ်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစာချုပ် (ဆီတိုး) အဖွဲ့တွင် မပါဝင်၊ ဘက်မလိုက် ကြားနေဝါဒကို ကျင့်သုံးခဲ့သည်။ “ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်”နှင့်အညီ ကျင့်သုံးနေထိုင်ခဲ့သည်။ ပထဝီနိုင်ငံရေးနှင့်ကိုက်ညီသည့် နိုင်ငံရေးဝါဒကိုကျင့်သုံးပြီး ယနေ့ထက်တိုင်အောင် မြန်မာနိုင်ငံသည် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနေထိုင်ခဲ့သည်။

တိုင်းပြည်တစ်ပြည်အပေါ် ဝင်ရောက်စွက်ဖက်လွှမ်းမိုးနိုင်ခြင်းသည် ထိုတိုင်းပြည်စည်းလုံးညီညွတ်မှု အားနည်းနေသည့်အခါ၌သာ ဆောင်ရွက်နိုင်ပြီး စည်းလုံးညီညွတ်မှုအားကောင်းနေသည့်နိုင်ငံများအား မည်သည့်အခါမျှ ဝင်ရောက် စွက်ဖက်ခြင်းမပြုနိုင်သည်ကို သမိုင်းကြောင်း၌ တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် နိုင်ငံ၏သမိုင်းကြောင်းအစဉ်အဆက်တွင် ပြင်ပမှ သွေးခွဲမှုအမျိုးမျိုး ပြုလုပ် လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ဘေးဖယ်ရန် ကြိုးပမ်းအားထုတ်မှုများ၊ ပြည်တွင်းအချင်းချင်း မညီညွတ်မှုများ တိုးပွားလာအောင် ကြံစည်အားထုတ်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်၌ အချို့နိုင်ငံကြီးများက ၎င်းတို့အလိုကျ ဆောင်ရွက်မည့်သူများကို မြန်မာ့နိုင်ငံရေး၏ အရေးပါသည့်နေရာများတွင် ပါဝင်နိုင်အောင် အချိန်ယူစိမ့်ဝင်၍ ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့လိုလားသူများ နိုင်ငံရေး စင်မြင့်ပေါ်တွင် တည်မြဲနေစေရေးအတွက် ပြည်တွင်းအားကိုအသုံးချ၍ ငွေအား၊ လူအား၊ အကြံပေးများအားဖြင့် အဘက်ဘက်မှ အားပေးကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကူအညီများပေးရာတွင် အရောင်အသွေးများဖြင့် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစင်မြင့်ပေါ်၌ ၎င်းတို့လိုလားသည့်သူများမရှိတော့သည့်အချိန်တွင် အကြောင်းအမျိုးမျိုးဖြင့် အကူအညီများ ရပ်ဆိုင်းသွားသည်သာမက အကြံအစည်အမျိုးမျိုးဖြင့် ဖိအားအမျိုးမျိုးပေးလာသည်ကို တွေ့ရမည်ဖြစ်သည်။

အများပြည်သူဆန္ဒသဘောထားဖြင့် အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုပြီး ခွဲခြားဆက်ဆံမှုများနှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်လာအောင် ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များကိုအသုံးချ၍ တစိုက်မတ်မတ် ကြံစည်အားထုတ်လုပ်ကိုင်နေကြသည်။ နိုင်ငံတကာဆက်ဆံရေးပျက်ပြားအောင် မြန်မာနိုင်ငံ၏ ပကတိအရှိတရားကို မျက်ကွယ်ပြု၍ ကြိုးပမ်းလုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်း/ပြည်ပတွင် မတည်မငြိမ် ဖိအားများလာအောင် လုပ်ကိုင်ပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ကြံစည်လုပ်ဆောင်နေကြသည့် လက်ရှိနိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် သိမြင်ကြရန်လိုအပ်ပေသည်။ တိုင်းပြည်မတည်မငြိမ် ကမောက်ကမဖြစ်နေပါက နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်လုပ်ကိုင်လိုကြသော ပြည်သူများသာ အခက်အခဲဖြစ်ကြမည်ကို သိရှိကြရန် လိုအပ်ပေသည်။

သို့ဖြစ်ရာ တိုင်းပြည်ပြိုကွဲပျက်စီးစေရန် ကြံစည်အားထုတ်မှုများ၊ အိမ်ကြက်ချင်း အိုးမဲသုတ်မှုများကို မြင်တတ်သိတတ်ဖို့ လိုအပ်ပေသည်။ ပြည်ပမှ တစိုက်မတ်မတ် သွေးထိုးမြှောက်ပင့်ပေးနေမှုများကို သတိထားတတ်ရန် လိုအပ်ပေသည်။ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် လမ်းမှားမရောက်စေရန် ဝိုင်းဝန်းအသိပေး တားဆီးကြရန်လိုအပ်ပေသည်။ ပြည်တွင်း၌ တိုင်းပြည်ကိုဖျက်ဆီးနေသူများအား ဝိုင်းဝန်းကူညီတားဆီးကြရန် လိုအပ်ပေသည်။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ကောင်းမွေများကိုခံစားနိုင်ရန် ပြည်သူများအားလုံး စည်းလုံးညီညွတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။