Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ(၁၈ လ)ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ”

"Keep Moving Forward to Achieve Our Goal"

တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့တာ ဒီနေ့ဆိုရင် ၁၈ လ(တစ်နှစ်နဲ့ခြောက်လ) ပြည့်မြောက်တဲ့နေ့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။ မနေ့က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီး နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်ကို အစီရင်ခံတင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သက်တမ်းကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့အစိုးရရဲ့ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်နဲ့ စီးပွားရေးလုပ်ငန်းစဉ် (၂)ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေများကို အသိပေးပြောကြားသွားပါမယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား

ဦးစွာ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များအနေနဲ့

တပ်မတော်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ ဖြေရှင်းပေးနိုင်ဖို့တင်ပြမှုအပေါ် တာဝန်ရှိသူတွေက ဖြေရှင်းပေးမှုမရှိတဲ့အပြင် နိုင်ငံတော်အာဏာအရပ်ရပ်ကို အတင်းအဓမ္မရယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရပါတယ်။ နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့အချိန်အတွင်းမှာ တာဝန်တွေကို ကျွန်တော်တို့စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့ပါတယ်။ သို့သော်လည်း ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ကိုအားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးထက် အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှုရှိရေးဟာ အရေးကြီးပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်ကုန်အထိ ငြိမ်းချမ်းမှုရစေဖို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၁ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

၁၈ လတာကာလအတွင်း ကျွန်တော်ကိုယ်တိုင် EAO အဖွဲ့တွေနဲ့တွေ့ဆုံမှု ၉ ကြိမ်၊ ညှိနှိုင်းရေးကော်မတီအနေနဲ့ EAO အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အခြားအဖွဲ့အစည်း စတဲ့အဖွဲ့တွေနဲ့ စုစုပေါင်း ၇၅ ကြိမ် တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ တိုင်းပြည်နဲ့ဒေသကောင်းကျိုးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား -

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ဖို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲကမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ ကျွန်တော် အခု အဖွဲ့ ၉ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ကျန် ၁ ဖွဲ့နဲ့လည်း မကြာမီတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးပြီးအဖွဲ့တွေနဲ့လည်း ဒုတိယအကျော့တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို တွေ့ဆုံဆွေးနွေးရာမှာ ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီ ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသနဲ့တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁/၂/၃) ပါ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီးလည်းကောင်း၊ အစိတ်အပိုင်း(၃)ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိတဲ့ဇယား (၂)ပါ အချက်တွေနဲ့ပတ်သက်ပြီး လည်းကောင်း ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့ပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး ပထမအကြိမ်ဖိတ်ခေါ်မှုတွင် တက်ရောက်လာခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တက်ရောက်ဆွေးနွေးနိုင်ရေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားပါတယ်။ စိတ်ချယုံကြည်စွာ လျှောက်လှမ်းလာကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ပြည်ထောင်စုကြီးရဲ့အကျိုး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများရဲ့အကျိုးကို ရည်မျှော်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးကြခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။

အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်မှုအပေါ်မှာ တရားမဝင်ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက်အဖွဲ့အစည်းတွေဖွဲ့စည်းကာ နိုင်ငံအတွင်းလုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ ၁၈ လတာကာလအတွင်း (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ အထိ) တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ရဟန်းသံဃာ/သီလရှင်တွေ၊ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၃,၄၈၃ ဦး သေဆုံးခဲ့ပြီး ၃,၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့ပါတယ်၊ အပြစ်မဲ့စွာ သေဆုံးသူများအတွက်လည်း များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ အကြမ်းဖက်တိုက်ခိုက်သူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးမှာ ၂,၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးမှာ ၁,၃၉၅ ကြိမ်တို့နဲ့ အများဆုံးဖြစ်ပွားခဲ့တဲ့အတွက် အဆိုပါဒေသတွေအတွင်း မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်အရေးကြီးတဲ့ မြို့နယ်အချို့မှအပ စစ်အုပ်ချုပ်ရေး မလုပ်ခဲ့ပါဘူး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအာဏာသုံးရပ်ကို မည်သို့ပင် အပ်နှင်းထားစေကာမူ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ တည်ဆဲဥပဒေများနှင့်အညီသာ ဆောင်ရွက်ပါတယ်၊ ၁၈ လတာကာလအတွင်း ကျွန်တော်တို့နိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ သွင်းယူခဲ့တဲ့ လက်နက်တွေနဲ့ အကြမ်းဖက်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ဟာ လက်နက်မျိုးစုံ ၆,၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄ တောင့်နဲ့ လက်ပစ်ဗုံး/မိုင်း ၁၁,၇၁၅ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။ အကြမ်းဖက်သူ ၆၂၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံခြားရေးအခြေခံမူများအတိုင်း နိုင်ငံတကာသို့ ဆက်ဆံရာမှာ အကောင်းဆုံးဖြစ်အောင် ဆက်ဆံဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆီယံရဲ့ ပဋိညာဉ်တွေကိုလည်း လေးစားတန်ဖိုးထားပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပါတယ်။ ဒီဘုံသဘောတူညီချက်ကို ထုတ်ပြန်ခဲ့တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ ASEAN WAY, ASEAN PRITICE, ASEAN SPRIT များနဲ့သာ ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းနဲ့ တတိယလှိုင်းမှာ ပြင်းထန်စွာခံစားခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ဘေးရောဂါကျော်လွှားဖို့ အပြင်းအထန်လုံးပန်းနေရသလို ပြည်တွင်းဆူပူဆန္ဒပြ အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်နေရတဲ့အတွက် နိုင်ငံတည်ငြိမ်မှုမရှိလို့ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုးတက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံမူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်။ နိုင်ငံအနေနဲ့ မိမိပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၃ ရပ်ပါဝင်တဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စတွေမဖြစ်အောင် သုံးသပ်ဆောင်ရွက်နေပါတယ်။ နိုင်ငံပုံမှန်အခြေအနေဖြစ်လာတာနဲ့အမျှ တိုးတက်ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျွန်တော့်အနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ တာတာစတန်ပြည်နယ်တို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကာ ခရီးစဉ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ ETHNOMIR (အတာနာမီ) ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်းရှိ ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာအနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း၊ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနဲ့ စက်ရုံ/အလုပ်ရုံများအား သွားရောက်လေ့လာခဲ့ကြပြီး ခရီးတိုကာလအတွင်း နိုင်ငံအတွက် အကျိုးရှိတဲ့ ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား -

စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆက်လက်ပြောကြားပါမယ်

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်ကို အခြေခံမူဝါဒတွေ ချမှတ်ပြီး ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေကို အဓိကထားဆောင်ရွက်နေတဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာရှိပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ စိစစ်သုံးစွဲလျက်ရှိတဲ့ ရန်ပုံငွေလက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံမှ ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်စီးပွားရေးလုပ်ငန်းတွေကိုလည်း မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများ ပြန်လည်နလံထလာစေဖို့အတွက် ချေးငွေများထုတ်ပေးခဲ့တာ ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိသာတဲ့တိုးတက်မှုတော့ မရသေးပါဘူး။ ဒါ့ကြောင့် စီးပွားရေးအား ပိုမိုကောင်းစေလာစေဖို့ ကုန်ထုတ်လုပ်မှုကို ဦးစားပေးတဲ့ ယခုလို ထပ်မံဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အမြန်အကျိုးရလဒ်ဖြစ်စေမဲ့(Quick Win)လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေးဆောင်ရွက်သွားပါမယ်။ လာမယ့်နွေစပါးနဲ့ ဆောင်းသီးနှံများအနက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းစိုက်ပျိုးရေး၊ ကြက်၊ ဝက်၊ ငါး/ပုဇွန် မွေးမြူရေးနဲ့ တစ်သီးခြင်း၊ တစ်သုတ်ခြင်း ငွေကြေးစိုက်ထုတ်ပေးပြီး ဆောင်ရွက်ပါမယ်။ ဒုတိယဦးစားပေးက အဲ့ဒီထွက်ကုန်များကို ကုန်ချောဆောင်ရွက်ပေးတဲ့ စက်ရုံ၊ အလုပ်ရုံများ အဆင့်မြှင့်တင်ရေး၊ SME မှာ အကျုံးဝင်မဲ့စက်ရုံများ တည်ထောင်ရေးကို ထောက်ပံ့ဆောင်ရွက်ပါမယ်။ နောက်ကျန်တဲ့ စက်ရုံ၊ အလုပ်ရုံများအတွက် ဆောင်ရွက်ပါမယ်။ သီးခြားလိုအပ်တဲ့လုပ်ငန်းများအတွက်လည်း တစ်ခုခြင်း စီမံဆောင်ရွက်သွားပါမယ်။ ကျွန်တော်ထင်ပါတယ်။ ၆ လအတွင်း တိုးတက်မှုရပါလိမ့်မယ်။ (တစ်) အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်လာမယ်၊ (နှစ်) အလုပ်လုပ်သူတိုင်း ဝင်ငွေရလာမယ်၊ (သုံး) ဝယ်လိုအားတိုးတက်လာမယ်၊ (လေး) ရောင်းကုန်ပစ္စည်းများ တိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုးတက်လာပါမယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိပါတယ်၊ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ကြရပါမယ်။

ကျွန်တော်တို့အစိုးရ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကုန်သွယ်မှုပိုငွေ အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ခုနှစ်၊ မေလအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရှိခဲ့ပြီး နိုင်ငံအတွက် ဝင်ငွေများရရှိအောင် ပြည်တွင်းထွက်ကုန်တွေကို ပြည်ပသို့ ကုန်ကြမ်းတင်ပို့ခြင်းထက် ကုန်ချောတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လူဦးရေတိုးတက်လာတာနဲ့အမျှ ဆီစားသုံးမှုတွေများပြားလာပါတယ်။ ဒါ့ကြောင့် ပြည်တွင်းစားသုံးမှုဖူလုံစေဖို့အတွက် နေရာဒေသမရွေး စိုက်ပျိုးနိုင်တဲ့ စားသုံးဆီထုတ်လုပ်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်တဲ့ ၁ ဧက ဆီထွက်နှုန်း ပိဿာ ၁၄၀ ခန့် ရရှိတဲ့ နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ နေကြာသီးနှံကို တစ်နိုင်ငံလုံးစိုက်ဧက ၁.၅ သန်းကျော် စိုက်ပျိုးထုတ်လုပ်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ သီးသန့်စိုက်ဧရိယာ ၆၉၀,၀၁၇ ဧကအတွက် လိုအပ်မယ့် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၀.၂၄၈ ဘီလီယံကို အစိုးက ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ချေးခွင့်ပြုထားပြီး ဆောင်ရွက်လျက်ရှိနေပါတယ်။ ဆီနဲ့ ပတ်သက်ပြီး စက်မှုသုံးဆီနဲ့ စားသုံးဆီ ၂ မျိုးရှိပါတယ်။ စက်မှု သုံးဆီက လျော့ချမှုမဖြစ်နိုင်ပေမဲ့ စားသုံးနှုန်းများပြားနေတဲ့ စားသုံးဆီကိုတော့ အတတ်နိုင်ဆုံး လျော့ချသုံးစွဲဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားပြည်သူများဘက်ကလည်း တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးကြပါလို့ ပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကစိုက်ပျိုးနေတဲ့ သီးနှံများအနက် မြေပဲတစ်မျိုးသာ ပန်းတိုင်ရည်မှန်းချက်ပြည့်မီပြီး ကျန်ပဲသီးနှံ၊ ဆီထွက်သီးနှံများဟာ ထပ်မံကြိုးစားဆောင်ရွက်ဖို့ လိုနေပါတယ်။ စိုက်ဧကတိုးချဲ့စရာမလိုဘဲ အထွက်နှုန်းတိုးအောင်ဆောင်ရွက်နိုင်ရင် ဝင်ငွေများစွာတိုးတက်လာမှာပါ။ နိုင်ငံတော်ပိုင်းက ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေရရှိရေး တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေပါတယ်။ လယ်ယာလုပ်ငန်းသုံး ဒီဇယ်ဆီများရရှိရေးအတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ CNG ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်မှုတွေ ရှိပါတယ်။ နိုင်ငံမှာလည်း သဘာဝဓာတ်ငွေ့လုံလောက်စွာမရရှိခြင်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပြုပြင်နေရခြင်း၊ မဟာလျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းတွေကြောင့် လိုအပ်တဲ့လျှပ်စစ် ဓာတ်အားကို အပြည့်အဝမရရှိတာ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့လျှပ်စစ်ဓာတ်အားတွေ ပြည့်ဝစွာထုတ်လုပ်နိုင်ဖို့အတွက် ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ ၁ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ ဒီဇယ်ဓာတ်အားပေးစက် ၆၁၀ လုံးနဲ့ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ၂ ရုံတို့ကနေ ၇၁၂၁ မဂ္ဂါဝပ်ကို ဓာတ်အား ထုတ်လုပ် ပေးလျက်ရှိပါတယ်။ စက်ရုံအသီးသီးက စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ ရေအားလျှပ်စစ်စက်ရုံတွေက ဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ၆၈ ခု၊ ၆၂၈၇ မဂ္ဂါဝပ်ထွက်ရှိရေးအတွက်လည်း စီမံဆောင်ရွက်နေပါတယ်။ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ချက်ချင်းမလုပ်နိုင်ပါဘူး၊ မထွက်နိုင်ပါဘူး။ အမြန်ဆုံးဆိုတဲ့ နေရောင်ခြည် စွမ်းအင်သုံး(SOLAR) လျှပ်စစ်ဓာတ်အားပင်လျင် တစ်နှစ်ခွဲကြာနိုင်ပါတယ်။ ရေအားလျှပ်စစ်ဟာ ၅ နှစ် အနည်းဆုံးကြာပါတယ်။

နိုင်ငံတော်အတွက် လိုအပ်နေတဲ့လျှပ်စစ်ဓာတ်အားတွေအတွက် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးရေအား လျှပ်စစ်စီမံကိန်းတွေက စုစုပေါင်း ၄၄၂ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒါ့အပြင် အလားအလာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံလျက်ရှိပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

လူမှုရေးဆိုင်ရာဆောင်ရွက်ချက်တွေအနေနဲ့-

ကျွန်တော်တို့နိုင်ငံမှာ ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၈၇ ရာခိုင်နှုန်းခန့်ဟာ ဗုဒ္ဓဘာသာကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံရေးသမားတွေရဲ့ ဘာသာရေးဝါဒမှိုင်းလှုံ့ဆော်ခြင်းနဲ့ လှုံ့ဆော်ခံရခြင်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုဓလေ့စရိုက်တွေ ဖျက်ဆီးမှိုင်းတိုက် ဝါဒဖြန့်မှုခံရခြင်းတို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း သံဃာတော် ၅၂ ပါးနဲ့ သီလရှင် ၁ ပါးတို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး ၉ ပါးဒဏ်ရာရရှိခဲ့ကာ ၈ ပါး ပျောက်ဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအစိုးရ(ဒုတိယသက်တမ်း)ကာလမှာ အခြေခံပညာကျောင်း သင်ခန်းစာတွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားစေခဲ့တဲ့အတွက် ဆရာ၊ ဆရာမတွေကို အလေးဂရုပြု ဆက်ဆံမှု မရှိတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီအကျိုးဆက်တွေကြောင့် ပညာရေးဝန်ထမ်း ၄၇ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရနဲ့ ပျောက်ဆုံး ၂၅ ဦး၊ စုစုပေါင်း ၉၃ ဦးရှိခဲ့ပါတယ်။ သံဃာတော်တွေနဲ့ ပညာရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုတွေမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးမှာ အများဆုံးဖြစ်နေတာကို တိုက်ဆိုင်စွာ အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။ အကြမ်းဖက်သတ်ဖြတ်မှုများမှာ ပြစ်မှုကျူးလွန်သူဖမ်းဆီးရမိရေး၊ တရားဥပဒေနှင့်အညီ စစ်ဆေးရေး၊ ထိရောက်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ရေး တို့ကို ပြုလုပ်နေပါတယ်။ No One Above the Law ပါ ၊ ဥပဒေအတိုင်း ရင်ဆိုင်ကြရပါမယ်။

Online Media တွေပေါ်မှာ လူငယ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး လွဲမှားစွာအသုံးချခဲ့ကြပါတယ်။ ဒါ့ကြောင့် လူငယ်တွေစိတ်ပိုင်းဆိုင်ရာ အားနည်းပြီး သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို စောင့်ထိန်းလိုစိတ်တွေ ချို့တဲ့လာခဲ့ပါတယ်။ ဒါ့ကြောင့် မိမိတို့တာဝန်ယူတဲ့ တိုတောင်းတဲ့ကာလအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို တတ်နိုင်တဲ့အတိုင်းအတာအလျောက် ပြန်လည်ဖော်ထုတ်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပဆောင်ရွက်သွားဖို့ ဆောင်ရွက်လျက်ရှိနေပါတယ်။

ကျွန်တော်တို့အစိုးရဟာ တစ်မျိုးသားလုံးလူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နှိမ်နင်းရေးကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ တာဝန်ယူ ထမ်းဆောင်စဉ်ကာလတွင် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်းမြန်မာငွေကျပ် ၁,၅၄၆,၇၀၅.၆၃၆၅ သန်း (USD ၈၃၆.၀၆ သန်း) ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ပိုမိုအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဆိုပါမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်အတွင်းကသာ အဓိကလာတာဖြစ်ကြောင်း ကျွန်တော်တို့ ဖော်ထုတ်ရရှိထားပြီးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ယူ၊ ရောင်းချမှုတွေ လုံးဝမရှိတဲ့အထိ ရှာဖွေဖော်ထုတ်၊ နှိမ်နင်းဖို့ကို ပိုမိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်မှုနဲ့ နယ်မြေ အခြေအနေတွေကြောင့် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း ၃၉.၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း ၄,၂၂၅,၈၈၇ ဦး တက်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၈၁,၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂၃,၈၇၇ ဦး (၄၆ ဒသမ ၈၈) ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းနေအရွယ်ကလေးတိုင်း (KG+9)(အခြေခံပညာအလယ် တန်းအဆင့်) ပြီးဆုံးတဲ့အထိ ပညာသင်ကြားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အခြေခံပညာကျောင်းများကိုလည်း ဇွန်လ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၇ ဒသမ ၂ သန်းကျော် တက်ရောက်ပညာ သင်ကြားနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာတတ်မြောက်မှုများဟာ ခေတ်မီနိုင်ငံဖြစ်စေဖို့ လိုအပ်ချက်များစွာရှိနေတဲ့အတွက် အခြေခံပညာသင်ကြားရေးကို မပျက်မကွက် လုပ်ဆောင်စေချင်ပါတယ်။ အနည်းဆုံး KG+9 အဆင့်ထိ တတ်မြောက်စေလိုပါတယ်။ ကျေးလက်စီးပွားရေးနဲ့ SME များမှာ အထောက်အကူရရှိနိုင်စေဖို့ လာမယ့်ပညာသင်နှစ်မှာ ပထမအဆင့် ခရိုင် ၅၀ မှာ အထက်တန်းကျောင်း ၁ ကျောင်းစီမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုပညာရပ်များ တွဲဖက်သင်ကြားပေးပါမယ်။ Grade-10 ကနေ Grade-12 အထိဖြစ်ပါတယ်။ သူတို့အောင်ပြီးရင် သတ်မှတ်အရည်အချင်း ကိုက်ညီသူများဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုသိပ္ပံ ၃ နှစ် သင်ကျောင်းတွေမှာ ဆက်လက်သင်ကြားလို့ရပါမယ်။ ထူးချွန်သူများက တက္ကသိုလ် ဆက်တက်ကြရပါမယ်။ ဒီလိုပဲ ပုံမှန်အထက်တန်းကျောင်းတွေကလည်း Grade-12 နဲ့ပြီးရင် မိမိရွေးချယ် တက်ရောက်လိုတဲ့ အဆင့်မြင့်ပညာများ သတ်မှတ်ချက်နဲ့အညီ သင်ကြားခွင့်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပညာရေးမြှင့်တင်ခြင်းဖြင့် ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး လုပ်ဆောင်ကြရပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၆၁၄,၀၈၃ ဦးရှိပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့အထိ ၃၅,၉၈၁,၅၃၅ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ပါတယ်။ ကာကွယ်ဆေးဝယ်ယူမှုနဲ့ လှူဒါန်းမှု စုစုပေါင်း ၇၆ သန်းကျော် Doses ရရှိပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးထုတ်လုပ်မှုအနေနဲ့ ၄,၀၉၁,၆၂၅ Doses ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

အားကစားကဏ္ဍအနေနဲ့ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အားကစားသမား ၂၈၇ ဦးနဲ့ အားကစားနည်း ၂၀ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ၆၂ ခုရရှိခဲ့ပါတယ်။ အကြိမ်(၃၀)မြောက်ပြိုင်ပွဲထက် ၂ ဒသမ ၂၅ ဆ ပိုမိုအောင်မြင်ခဲ့ပါတယ်။ (၂၉)ကြိမ်နဲ့ အကြိမ်(၃၀)မြောက် ပြိုင်ပွဲဝင်အားကစားသမား အရေအတွက်ထက်နည်းပြီး ရွှေတံဆိပ်ရရှိမှု ပိုမိုအောင်မြင်မှု ရရှိခဲ့တာကို တွေ့ရှိရပြီး ဆုရရှိကြတဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေရဲ့ ဘဝအာမခံချက်ရရှိစေဖို့အတွက် အသိအမှတ်ပြု ဆောင်ရွက်ပေးခဲ့ပါတယ်။ လာမယ့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း ပြောလိုပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပြောပါမယ်

တိုင်းပြည်သာယာဝပြောရေးဆိုတာ ငြိမ်းချမ်းရေးကိုအခြေခံပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆောင်ရွက်နိုင်မှုပဲဖြစ်ပါတယ်။ သဘာဝသယံဇာတတွေပေါကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရရှိမှု မြန်ဆန်လာတာနဲ့အမျှ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်သာယာဝပြောဖို့အတွက် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို ထိခိုက်မှုအနည်းဆုံးနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို စိတ်ရှည်သည်းခံဆောင်ရွက်နေရပါတယ်။ တရားဥပဒေစိုးမိုးမှု အရိပ်၊ အေးချမ်းမှုအရိပ်တွေ မြို့ပြနဲ့ကျေးလက်ဒေသတွေပါမကျန် လွှမ်းခြုံသွားဖို့ ဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်။

နိုင်ငံသားတိုင်းရဲ့ အသက်ရှင်သန်ရပ်တည်နေထိုင်နိုင်ဖို့ စားနပ်ရိက္ခာဟာ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးဧကပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ ဝါကို အဓိကစိုက်ပျိုးကြပါတယ်။ အချို့နေရာတွေမှာ တစ်သီးစားနဲ့ အချို့နေရာတွေမှာ သီးထပ်စိုက်ပျိုးခြင်းတွေ ဆောင်ရွက်ကြပါတယ်။ နိုင်ငံအဝှမ်းရှိ လူတစ်ဦးရဲ့ ၁ နှစ် ဆန်စားသုံးမှုဟာ ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးမှုရှိတဲ့အတွက် ဖူလုံပိုလျှံမှု ရှိပါတယ်။ ဆန်ပြည်ပကို တင်ပို့နိုင်ရေးအတွက် စပါးစိုက်ပျိုးရေးမှာ အထွက်နှုန်းတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ပြည်သူတွေ စားရေရိက္ခာ ဖူလုံမှုရှိစေဖို့နဲ့ ဝဝလင်လင်စားသုံးစေနိုင်ဖို့အတွက် အဓိကစားသုံးတဲ့ ဆန်နဲ့ ဂျုံကို ပိုမို စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့ ဦးစားပေးဆောင်ရွက်နေပါတယ်။ ဒါ့အပြင် အခြားသော ဖြည့်စွက်စာတွေကိုလည်း တစ်ဖက်တစ်လမ်းက တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံအတွင်းမှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်နေပြည်သူတွေ ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ခေတ်မီနည်းစနစ်တွေနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကျေးလက်လူနေမှု ဘဝမြင့်ရင် တိုင်းပြည်ရဲ့ လူမှုအဆင့်အတန်းလည်း မြင့်မားမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို ပြောပါမယ်

စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးဆောင်ရွက်ရာမှာ ပြည်သူတိုင်း၊ အဖွဲ့အစည်းတိုင်းက လိုက်နာဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှ အောင်မြင်နိုင်မယ့်လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ ပထမဆုံးအခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖည်သွားမယ့် လုပ်ဆောင်ချက်တွေ မလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။

ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မြဲစေပြီး နိုင်ငံရဲ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း မှာလည်း ဂုဏ်သိက္ခာမြင့်မားစေမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကျူးလွန်ခြင်း၊ နည်းမျိုးစုံနဲ့မသမာမှုလုပ်ဆောင်ခြင်း စတာတွေပေါ်ပေါက်လာတယ် ဆိုရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းစေပြီး နိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာလည်း အနုတ်လက္ခဏာဆောင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမဲမသမာမှုတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီယဉ်ကျေးမှုလမ်းကြောင်းကို ပုံရိပ်ကျ သွေဖည်သွားစေခဲ့ပါတယ်။

စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲစာရင်းတွေ ပြည့်စုံမှန်ကန်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ အခြေခံမဲစာရင်းတွေ မှန်ကန်ဖို့ သက်ဆိုင်ရာအဖွဲ့ အစည်းအားလုံး ပူးပေါင်းပြုစုနေပါတယ်။ ပြုစုပြီးရင် သက်ဆိုင်ရာမြို့နယ် အခြေစိုက်နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းပါဝင်စိစစ်မှုနဲ့ မဲစာရင်းတွေ ပြည့်စုံမှန်ကန်ဖို့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ စစ်ဆေးခြင်း၊ မဲဆန္ဒရှင်များပြုစုခြင်းအပါအဝင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နဲ့ နည်းဥပဒေ ၂၃ တို့နဲ့အညီ ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှ စပြီး နိုင်ငံရေးပါတီတွေရဲ့ စာရင်းတွေကို စုစည်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကုန်အထိ ပါတီ ၈၅ ပါတီကို စုစည်းပြီးဖြစ်ကာ စစ်ဆေးရန် ကျန်ပါတီတွေကို ဆက်လက်စစ်ဆေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက သူတို့ကိုကိုယ်စားပြုသူတဲ့တွေကို ကိုယ်တိုင်ရွေးချယ်တဲ့အုပ်ချုပ်ရေးစနစ်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်လို့ဆိုရာမှာ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူတို့က ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်မှာ ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူတွေ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိစေရမှာ ဖြစ်ပါတယ်။ ဒါမှလည်း စစ်မှန်၍ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရယူရာမှာ ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုတစ်ခုလုံးကို စုစည်းပြီး လွတ်လပ်ရေးရယူခဲ့ပါတယ်။ ပင်လုံစာချုပ်လို့ဆိုရာမှာ အနှစ်သာရက ပင်လုံစိတ်ဓာတ်ပါပဲ။ ပင်လုံစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်ပါ။ ဒီစိတ်ဓာတ်ဟာ အရင်းခံဖြစ်သလို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ဒေသနဲ့တိုင်းပြည်အတွက် ပကတိလိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်လျက်ရှိပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်တာဝန်များကို ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမယ့် အခြေအနေများကို ပြောပါမယ်

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် တိုင်းပြည်ဟာ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မည်သည့်ပုံစံနဲ့မဆို ခြိမ်းခြောက်အကြပ်ကိုင်၊ ဖိအားပေးခံရမှုမရှိဘဲ မိမိဆန္ဒအတိုင်းမဲပေးဖို့ လိုအပ်ပါတယ်။ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး လွတ်လပ်ပြီးတရားမျှတစွာ နေရာအနှံ့အပြား အလပ်မရှိ ကျင်းပနိုင်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ မရှိစေဖို့အတွက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေ အမြန်ဆုံးတည်ငြိမ်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ကျွန်တော်တို့ မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ ၆ လတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေအချို့၊ မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)နယ်မြေအချို့၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်မြေအချို့တို့မှာ နောက်ကွယ်က ကေအိုင်အေနဲ့ ကေအန်ယူသောင်းကျန်းသူတွေရဲ့ လူအင်အားနဲ့ လက်နက်၊ ခဲယမ်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုပါဝင်ပံ့ပိုး ကူညီမှုတွေကြောင့် တာဝန်ယူပြီးခဲ့တဲ့ ၁ နှစ်တာ သက်တမ်းကာလနဲ့ နှိုင်းယှဉ်ပါက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေ ပိုမိုများပြားလာခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းဖို့ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်လျက်ရှိပါတယ်၊ ဖမ်းဆီးရမိတဲ့ လက်နက်၊ ခဲယမ်း မီးကျောက်အချို့ဟာ KIA တို့ ထုတ်လုပ်တဲ့ လက်နက်များ၊ KNU လှုပ်ရှားရာ မြန်မာ-ထိုင်း နယ်စပ်ဒေသများက ဝင်ရောက်လာတာဖြစ်တဲ့အတွက် တရားမဝင်လက်နက် ထုတ်လုပ်၊ ဝယ်ယူ၊ သယ်ပို့ခြင်းများမရှိစေရအောင် အလေးထား ဆောင်ရွက်သွားပါမယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေဖို့အတွက် ဆက်လက်အလေးထားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိခဲ့တာနဲ့အညီ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေမှာ ဒေသနဲ့ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ရလဒ်ကောင်းတွေ ရရှိခဲ့တဲ့အတွက် ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပါဝင်လာပါက နိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးဟာ ပြည့်စုံကောင်းမွန်လာမှာ ဖြစ်ပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့အတွက်လည်း မြေပြင်လူဦးရေ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း စီမံချက်အရ မြို့နယ်ပေါင်း ၂၉၈ မြို့နယ် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ၁၄ မြို့နယ် ဆောင်ရွက်ဆဲနဲ့ ၁၃ မြို့နယ် ဆောင်ရွက်ရန် ကျန်ရှိတဲ့အတွက် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ ဥပဒေကိုကျော်လွန်ပြီး မဲပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးဖို့ အကျုံးဝင်သူ ၃ ဒသမ ၄ သန်းကို ပန်းခင်းစီမံချက်နဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာမှာ ၃ ဒသမ ၃ သန်းခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အချို့ နေရာဒေသတွေမှာ အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်တားမြစ်မှုတွေကြောင့် လုပ်ငန်းဆောင်ရွက်တွေမှု နှေးကွေးရပ်တန့်နေရခြင်း ဖြစ်ပါတယ်။ ရာနှုန်းပြည့် ပြီးစီးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေဟာ ၎င်းတို့ရဲ့ အခွင့်အရေးအရမဲပေးနိုင်ဖို့အတွက် နိုင်ငံသားကတ်ပြား ထပ်မံ ထုတ်ပေးဖို့လိုအပ်လျက်ရှိတဲ့ ခန့်မှန်းလူဦးရေ ၁,၇၄၈,၅၇၅ ဦး (၁ ဒသမ ၇ သန်း ကျော်)ကို ပန်းခင်းစီမံချက်အဆင့်(၂)နဲ့ ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ အဆင်ပြေစေဖို့အတွက် အသစ်ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့တဲ့ ခရိုင် ၄၆ ခရိုင်ရဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ပိုမိုအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်နိုင်ဖို့ လိုအပ်လျက်ရှိနေသေးတဲ့အတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားတွေ စုစည်းနေထိုင်ခဲ့ကြတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒေသ၊ နယ်မြေအလိုက် အုပ်ချုပ်မှုပုံစံတွေ ကွဲပြားခဲ့သော်လည်း လွတ်လပ်ရေးမဆုံးရှုံးမီ ကာလကတည်းက နိုင်ငံအဝှမ်းမှာ ပင်မအုပ်ချုပ်ကွပ်ကဲမှု ရှိတဲ့ပုံစံနဲ့ အုပ်ချုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရရှိတော့လည်း တစ်နိုင်ငံလုံး၊ ပြည်ထောင်စုတစ်ခုလုံး စုစည်းလွတ်လပ်ရေးရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရှေးယခင်ကတည်းက ပြည်ထောင်စုစနစ်နဲ့ စုစည်းတည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီပြည်ထောင်စုစနစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် ခေတ်နဲ့အညီတည်ဆောက်ကြမှသာ နိုင်ငံတော်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထုအားလုံး ဒီမိုကရေစီအခွင့်အရေးကို တန်းတူညီမျှခံစားနိုင်ရပါမယ်။ ဒီလိုနိုင်ငံတော်ကြီးတည်တံ့ခိုင်မြဲဖို့၊ နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေးကို တန်းတူညီမျှ ခံစားနိုင်ဖို့အတွက် အချက် ၂ ချက် ပြုပြင်ဆောင်ရွက်ဖို့လိုပါတယ်။ ဒါတွေကတော့ နိုင်ငံရေးအရ ပြုပြင်ဆောင်ရွက်ခြင်းနဲ့ တိုင်းရင်းသားရေးအရ ပြုပြင်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။

ဒီအချက် ၂ ချက်ဟာ သီးခြားစီထင်ရပေမယ့် တစ်ခုနဲ့တစ်ခုခွဲမရအောင် ဆက်စပ်လျက် ရှိပါတယ်။ နိုင်ငံရေးအရပြုပြင်ဆောင်ရွက်ဖို့ လိုအပ်ချက်ကတော့ နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် စတင်လျှောက်လှမ်းကတည်းက အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြို့နယ် ၃၃၀ မြို့နယ်ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် နည်းပါးလာတာကို တွေ့နိုင်ပါမယ်။ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်အများစုကလည်း တိုင်းရင်းသားနယ်မြေတွေ ဖြစ်တာကိုလည်း တွေ့ရပါမယ်။ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်ခံရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရတွေ လက်ထက်မှာမှ ရွေးကောက်ပွဲမကျင်းပဖြစ်လို့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးရတဲ့ တိုင်းရင်းသားဒေသတွေ များပြားလာတာဟာ ကျွန်တော်တို့ သတိပြုရမဲ့အချက်ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်တွေမှာ တည်ငြိမ်အေးချမ်းမှုမရှိလို့လို့ အကြောင်းပြချက်တွေ ရှိပါတယ်။ နောက်ကွယ်က အကြောင်းအရာတွေ ဘယ်လိုပဲရှိရှိ “ပြည့်အင်အားဟာ ပြည်တွင်းမှာသာရှိပါတယ်” တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေကို အခွင့်အရေးတွေ ပိုမိုပေးအပ်နိုင်ဖို့ ဆောင်ရွက်ရန်သာအဖြေရှိပါမယ်။ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ နစ်နာမှုတွေကို တရားဝင်နိုင်ငံရေးစင်မြင့်မှာ ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ပေးရပါလိမ့်မယ်။ ဒါကိုပေးဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေပဲ ဖြစ်ပါမယ်။ ဒီတော့ လွှတ်တော်အသီးသီးမှာ တိုင်းရင်းသားတွေ၊ လူထုလူတန်းစားအလွှာ အသီးသီးကို ကိုယ်စားပြုတဲ့သူတွေပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိရွေးကောက်တင်မြှောက်မှုစနစ်ဟာ “နိုင်သူအကုန်ယူ” (FPTP-First Past The Post) ဖြစ်ပါတယ်။ ပါတီကြီးတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် တိုင်းရင်းသားတွေ၊ လူထုလူတန်းစားအလွှာ အချို့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီများဟာ အင်အားနည်းတာကို တွေ့နိုင်ပါတယ်။ ဒီတော့သူတို့ဟာ ရွေးချယ်ခံရမှုနည်းပါးပြီး သူတို့ရဲ့ အသံတွေကို တရားဝင်နိုင်ငံရေးစင်မြင့် (လွှတ်တော်)တွေမှာ ကြားရတာနည်းပါးပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပါတီတွေကို လေ့လာကြည့်ပါ။ အခြေခံအားဖြင့် သုံးမျိုးသာ ခွဲခြားနိုင်ပါလိမ့်မယ်။ (တစ်) နိုင်ငံရေးအယူဝါဒကို ကိုယ်စားပြုတဲ့ပါတီများ၊ (နှစ်) ဒေသကိုကိုယ်စားပြုတဲ့ပါတီများနဲ့ (သုံး) တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုတဲ့ ပါတီများဖြစ်ပါတယ်။ အားလုံးဟာ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် ထောက်ခံမှုများရှိကြပါတယ်။ ဒီပါတီတွေအားလုံး နိုင်ငံရေးစင်မြင့်မှာ(လွှတ်တော်မှာ)ပါဝင်နိုင်ဖို့၊ ကိုယ်စားပြုနိုင်ဖို့၊ ပြောနိုင်ဆိုနိုင်ဖို့ ဘာတွေကျွန်တော်တို့လုပ်ဖို့လိုသလဲ၊ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲမှဖြစ်ပါမယ်။ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR-Proportional Representation) ကို ထည့်သွင်းဆောင်ရွက်ဖို့လိုကြောင်း တွေ့ရပါတယ်၊ ဒီလိုပြင်ဆင်ရာမှာ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်ရမှာဖြစ်သလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲ့လိုပြင်ဆင်နိုင်ရန် လုံလောက်တဲ့အချိန် ရယူသွားရမှာပဲ ဖြစ်တယ်။

ကျွန်တော်တို့ပြည်ထောင်စု ရေရှည်တည်တံ့ဖို့၊ နိုင်ငံတော်အဓွန့်ရှည်ကြာဖို့၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားဖို့ ဒီစနစ်ကို အကောင်အထည်ဖော်ရပါမယ်။ ဒါမှသာ ပြည်သူနဲ့ဒီမိုကရေစီစနစ်ဟာ သဟဇာတဖြစ်ပါလိမ့်မယ်။ ဒါကိုဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ (တစ်) ပြည်သူလူထုကို အသိပညာပေးဖို့လိုပါတယ်၊ (နှစ်) ဒီစနစ်ဖြစ်လာဖို့ အစီအစဉ်တွေချမှတ်ဖို့လိုပါတယ်၊ (သုံး) အားလုံး ပါဝင်ဖို့လိုအပ်ပါမယ်။

ဒီကိစ္စတွေဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လက်ခံကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)အရ လွှတ်တော်ကသာပြင်ဆင်နိုင်ပါတယ်။ ဒီအတွက် အခုကျွန်တော်တို့ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ လွှတ်တော်အရ ပြင်ဆင်နိုင်ဖို့ လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားပြုပါတီတွေ၊ ဒေသကိုယ်စားပြု ပါတီတွေ ရောက်လာဖို့လိုပါတယ်။ ဒါကို ကျွန်တော်တို့ကြိုးပမ်းနေပါတယ်။ EAO များ (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ)ကလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်နဲ့တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဒုတိယအကျော့ ထပ်မံဆွေးနွေးပါမယ်။ တစ်ချိန်တည်းမှာပဲ မဆွေးနွေးရသေးတဲ့ EAO များကိုလည်း ကျွန်တော် ထပ်မံဖိတ်ခေါ်ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးကို တစ်ကယ်ကောင်းကျိုးဆောင်ဖို့ လိုလားတယ်ဆိုရင် ဆွေးနွေးပါ။ တောင်းဆိုပါ။ တရားဝင်နိုင်ငံရေးစင်မြင့်ကို တက်လှမ်းကြဖို့ ကျွန်တော်ပြောလိုပါတယ်။ ဒါတွေ ဆောင်ရွက်ဖို့ ကျွန်တော်တို့ တံခါးကျယ်ကျယ်ဖွင့်ထားပါတယ်။ ရဲရဲသာလျှောက်လှမ်းခဲ့ကြပါလို့ ကျွန်တော် ပြောလိုပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ “ရှေ့သို့လှမ်းမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုတဲ့အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း တိုင်းရင်းသားပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာရှိတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ထပ်မံဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ်။