Skip to main content

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ချင်းပြည်နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ဟားခါး   မတ်    ၂၈

ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘာသာရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ချင်းပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ မြို့ပေါ်၊ ရပ်ကွက်များတွင်သာမက ကျေးလက်ဒေသရှိ ပြည်သူများထံအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်နယ်လုပ်ငန်းကော်မတီအနေဖြင့် စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများနှင့်အတူ အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးနှင့် နိုင်ငံခြားမှ ရောက်ရှိလာသည့် ဒေသခံများကို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ခံယူနိုင်ရေးအတွက် ၄င်းတို့ကိုယ်တိုင် ပူးပေါင်းပါဝင်မှသာ လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်တွင်သာမက ခရိုင်၊ မြို့နယ်၊ ရပ်ကျေးများအထိ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ က ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 ဖြစ်ပွားနေမှု အခြေအနေများနှင့် ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး ထိန်းချုပ် ကုသနိုင်ရေး နည်းလမ်းများ၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါပိုး တွေ့ရှိသည့် လူနာ၏ ဆေးကုသနေမှု အခြေအနေများနှင့် ရောဂါပိုး ထပ်မံကူးစက်ပျံ့ပွားမှု မရှိစေရေးဆောင်ရွက်ထားရှိမှုများ၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်   ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အတူ COVID-19 ရောဂါ ထိန်းချုပ် ကုသနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း က ရောဂါထိန်းချုပ်၊ ကုသနိုင်ရေးအတွက် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ အရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာပါက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် Home Quarantine၊ Facility Quarantine ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် လုပ်ငန်း ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ တို့က ထိန်းချုပ် ကုသရေးလုပ်ငန်းများ စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများ အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လုပ်ငန်းအခြေအနေ များကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မိမိတို့ကျရာ ကဏ္ဍမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)