နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Sergey Lavrov ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်၍ စိန်ရတုအခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေး၊ ရုရှား-မြန်မာနှစ်နိုင်ငံသည် မိတ်ဆွေရင်းညီအစ်ကိုနိုင်ငံများဖြစ်သည့်အတွက် သံတမန်ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံ၌ မြန်မာကောင်စစ်ဝန်ရုံးနှစ်ခုအား ထပ်မံဖွင့်လှစ်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံတွင်လည်း ရုရှားကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အမြဲတမ်းမိတ်ဆွေနိုင်ငံ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပစွက်ဖက်မှုများမပါဘဲ မိမိတို့အစိုးရများက စီမံဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်ရေး၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်းများတိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး၊ အရပ်ဘက်၊ စစ်ဘက်ပညာတော်သင်များ ထပ်မံစေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်သွားမည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့်ဒေသတွင်း ဆက်ဆံရေးအခြေအနေများ။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ မစတင်မီကတည်းက အာဏာရပါတီအနေဖြင့် အသာစီးရရှိစေရေး နည်းပညာပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတို့တွင် ကြိုတင်အခြေအနေဖန်တီးခဲ့သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲအပြီး မဲမသမာမှုများစွာဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်မှဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ ရွေးကောက်ပွဲမဲမသမာမှုနှင့်ပတ်သက်၍ ဥပဒေအရ ဖြေရှင်းရန်ဆောင်ရွက်ပေးခဲ့သော်လည်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ အကြမ်းဖက်လုပ်ရပ်မှတဆင့် မိုင်းထောင်ဖောက်ခွဲ၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လာသူများအား တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့မှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်တွင် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများရရှိချိန်တွင် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ရွေးကောက်ပွဲပြန်လည်ကျင်းပ ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး H.E. Mr. Igor Morgulov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ၇၅ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား စီးပွားရေးဆိုင်ရာကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ပိုမိုမြှင့်တင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။