Skip to main content

တိုင်းပြည်အေးချမ်းသာယာဝပြောရေး ကြိုးပမ်း

“လက်ရှိ ၆ လတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေအချို့၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း) နယ်မြေအချို့၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် နယ်မြေအချို့တို့မှာ နောက်ကွယ်က ကေအိုင်အေနဲ့ ကေအင်န်ယူ သောင်းကျန်းသူတွေရဲ့ လူအင်အားနဲ့ လက်နက်၊ ခဲယမ်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုပါဝင်ကူညီမှုတွေကြောင့် တာဝန်ယူပြီးခဲ့တဲ့ ၁ နှစ်တာ သက်တမ်းကာလနဲ့ နှိုင်းယှဉ်ပါက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်ဆီးမှုတွေပိုမိုများပြားလာခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်လျက်ရှိပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈လပြည့်)တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်မှုအပေါ် တရားမဝင်ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက်အဖွဲ့များဖွဲ့စည်းကာ နိုင်ငံအတွင်းလုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁၀၉၄ ကြိမ်စုစုပေါင်း ၁၄၉၀၇ ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် ရဟန်း၊ သံဃာ၊ သီလရှင်များ၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃၄၈၃ ဦး သေဆုံးခဲ့ပြီး ၃၀၆၅ ဦး ဒဏ်ရာရရှိကာ ၄၁ ဦး ပျောက်ဆုံးခဲ့သည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၃၉၅ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့သည်။ ၁၈ လတာကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ သွင်းယူခဲ့ပြီးဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅၁၈၄ တောင့်နှင့် လက်ပစ်ဗုံး/မိုင်း ၁၁၇၁၅ လုံး သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမား ၆၂၃၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းအချို့သည် ကေအိုင်အေတို့ ထုတ်လုပ်သည့် လက်နက်များ၊ ကေအင်န်ယူလှုပ်ရှားရာ မြန်မာ-ထိုင်းနယ်စပ်ဒေသများနှင့် အခြားနည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်မှုများကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများနှင့် မိသားစုဝင်များအတွက် များစွာစိတ်မကောင်းဖြစ်မိသည်။ ကိုယ်တိုင်ကြုံတွေ့ခံစားရသူများနှင့် ကြားသိကြရသော မြန်မာလူမျိုးများအနေဖြင့် စိတ်မကောင်းဖြစ်ကြသော်လည်း မြန်မာအချင်းချင်း အဖြစ်ဆိုးကြုံရသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည့် အမျိုးသားသစ္စာဖောက်များနှင့် လူသားချင်းစာနာထောက်ထားသည်ဆိုသည့် ပြည်ပနိုင်ငံအချို့က မသိသလိုနေကြသည်မှာ အံ့သြစရာဖြစ်သည်။ တိုင်းပြည်ပျက်စီးစေရန် ထိုမျှများပြားသောလက်နက်များဖြင့် ကြံစည်အားထုတ်ခဲ့သော်လည်း တပ်မတော်သည် တိုင်းပြည်ကို နိုင်ငံချစ်စိတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။ အစဉ်အလာကောင်းသော တပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။

 ၁၈ လတာကာလအတွင်း အကြမ်းဖက်သောင်းကျန်းမှုများကို နှိမ်နင်းရာတွင် တရားဥပဒေစိုးမိုးရေးအတွက် အလွန်အရေးကြီးသည့် မြို့နယ်အချို့မှအပ ကျန်မြို့နယ်များကို စစ်အုပ်ချုပ်ရေးဖြင့် မကိုင်တွယ်ခဲ့ပေ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အာဏာသုံးရပ်ကို မည်သို့ပင် အပ်နှင်းထားသော်လည်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်၊ တည်ဆဲဥပဒေများနှင့်အညီသာ ကိုင်တွယ်ဆောင်ရွက် ခဲ့ခြင်းသည် နိုင်ငံတော်၊ နိုင်ငံသားနှင့်ပြဋ္ဌာန်းထားသော ဥပဒေကျင့်ဝတ်များကို အလေးထားစောင့်ထိန်းခြင်းဖြစ်သည်။ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းမှုများ အများဆုံးဖြစ်ပွားခဲ့သည့် ဒေသများအား မူလအခြေအနေအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်သွားမည်ဟု ဝမ်းမြောက်ဖွယ်သိရပါကြောင်း ။    ။

ကြေးမုံ,အယ်ဒီတာ့အာဘော်