Skip to main content

လွှတ်တော်သည် ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်

နေပြည်တော် ဩဂုတ် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့်အတူ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နှင့် ဗဟိုကော်မတီဝင် စဝ်နော်လိတ်တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေးတပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာတွေးခေါ်ပြောဆိုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များနှင့် လိုအပ်ချက်များကို ပြောဆိုနိုင်သည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့်သာ ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်သည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင်ပိုမိုပါဝင်လာရမည်ဖြစ်သည့် အခြေအနေများ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည်ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုသည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁)နှင့်အဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပေးခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများတွင် တက်ကြွစွာဖြင့် ဆက်လက်ပါဝင်သွားမည်ဖြစ်သည့် အခြေအနေများ၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် တိုင်းပြည်ကိုထိန်းသိမ်းစောင့်ရှောက်သူ (Guardian) အဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်အခွင့်အရေးကို ရရှိရန်အတွက် တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့်အညီ၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ကြရန်လိုသည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁)နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁)မှ ဒေသထွက်လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။