နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြရာ ဩဂုတ် ၃ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ယခုနှစ် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံ၏ တောင်ပေါ်မြေပြန့်ဒေသအားလုံးတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ပြင်းပြသောဆန္ဒဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်သူ (Guardian) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်က ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို လက်ခံထားပြီးဖြစ်သကဲ့သို့ တိုင်းရင်းသားများနှင့် တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အပါအဝင် လိုလားချက်များ၊ ဆန္ဒများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်အကောင်အထည်ဖော်နိုင်ရန် ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ်ဖွင့်ထားကာ ဖိတ်ခေါ်ကမ်းလှမ်း နေခြင်းပင်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထပ်မံ၍ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ရာ အပြန်အလှန်နားလည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ သံယောဇဉ်တရားတို့ မြင့်သည်ထက်မြင့်မားလာသည်နှင့်အမျှ မကြာမြင့်မီကာလတွင် ငြိမ်းချမ်းရေးကျောက်တိုင်ကို ခိုင်ခိုင်မတ်မတ် စိုက်ထူနိုင်ကြမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်သည့် ဧပြီ ၂၂ ရက် ဖိတ်ခေါ်ကမ်းလှမ်းမှုအပြီး ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ စကားလုံးတန်ဆာဆင်မှုများထက် ပို၍ခရီးရောက်သော၊ ရိုးသားပွင့်လင်းမှု အရင်းခံသော ဆွေးနွေးပွဲများအဖြစ်ဖြင့် ရလဒ်ကောင်းများရရှိသော ဆွေးနွေးပွဲများပင်ဖြစ်သည်။ တပ်မတော်က ဦးဆောင်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရသည် တိုင်းရင်းသားများ၊ တိုင်းရင်းသားဒေသများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးသို့ ပိုမိုရောက်ရှိလာစေရေး၊ လိုလားချက်များနှင့်ဆန္ဒများကို အမြင့်ဆုံးသော နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရေး တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် တိုင်းရင်းသားလူထုကိုယ်စားလှယ်များ ရှေ့တန်းကျကျ ပါဝင်လာ နိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်ကို ပြုပြင်မှုများပြုလုပ်ရန် အဘက်ဘက်မှ ကြိုးပမ်းလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ်လ ၄ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုသတင်းတွင် နှစ်ဖက်အမြင်များကို အပြန်အလှန်ဆွေးနွေးကြရာ၌ ပြည်ထောင်စုကြီး၏ အကျိုး၊ တိုင်းရင်းသားပြည်သူလူထုကြီး၏ အကျိုးတို့ကို ဦးထိပ်ထား၍ ဆွေးနွေးမှုများကို တွေ့မြင်ကြားသိရသည်မှာ နိုင်ငံတော်၏ အနာဂတ်နှင့် နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ အနာဂတ်အတွင်း ဝမ်းမြောက်အားတက်ဖွယ်ရာပင်ဖြစ်သည်။
ငြိမ်းချမ်းရေးသည် မိမိတို့နိုင်ငံအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးတို့ ဆက်လက်ဖော်ဆောင်နိုင်မည်ဖြစ်သည့်အလျောက် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကိုရည်မျှော်ကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေကြောင်း။ ။