နှစ်စဉ်ဩဂုတ်လသည် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်သည့်လဖြစ်သည်။ ဩဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဖြစ်ပြီး ဒုတိယပတ်သည် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ တတိယပတ်သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်ပြီး စတုတ္ထပတ်သည် အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်ဖြစ်သည်။
ရင်သွေးငယ်များကို မိခင်နို့တိုက်ကျွေးခြင်းက ကလေးမှာရော မိခင်မှာပါ အကျိုးကျေးဇူးများ ရရှိစေနိုင်သည့်အတွက် မွေးကင်းစမှစ၍ ကလေးအသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားကြသည်။ ကလေးခြောက်လသားအရွယ်မှစ၍ ဖြည့်စွက်စာများ စတင်ကျွေးနိုင်ပြီး ကလေးနှစ်နှစ်သားအထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးနိုင်ကြောင်း၊ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးအတွက် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ ကလေးအဖို့ မိခင်နို့သည် အကောင်းဆုံးအာဟာရဖြစ်သည်။ နို့ဦးရည်နှင့် မိခင်နို့က ကလေးငယ်ကို ရောဂါမဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်သည့် တန်ဖိုးအရှိဆုံးသော ဆေးဝါးပင်ဖြစ်သည်ဟု အဆိုရှိသည်။ မိခင်နို့သည် ရင်သွေးငယ်အတွက် လုံလောက်သော စွမ်းအင်၊ အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ပါဝင်ပြီး မိခင်နို့တိုက်သည့် ကလေးငယ်မှာ ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခြင်းနှင့်နာတာရှည်ရောဂါများ အန္တရာယ်တို့မှ လျှော့ချနိုင်သည်။ မိခင်နို့ကို မကြာမကြာ၊ အချိန်ကြာကြာတိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ရင်သွေးတို့အကြား သံယောဇဉ်တွယ်တာမှု ခိုင်မာစေပြီး နို့ထွက်လည်းများစေသည်ဟု အကြံပြုထားသည်။
နို့တိုက်မိခင်အနေဖြင့် အာဟာရပြည့်ဝရန် လိုအပ်သည့်အတွက် အစာပို၍စားရန် လိုအပ်ပြီး ငန်လွန်းသည့် အစားအစာမှလွဲ၍ အစာမရှောင်ရန် တိုက်တွန်းထားသည်။ မိခင်နို့တွင် ကလေးအတွက် လိုအပ်သော အာဟာရများပြည့်စုံရန်နှင့် လုံလောက်သော ပမာဏရရှိစေရန် ကစီဓာတ်နှင့် အဆီဓာတ်များပါဝင်သော အင်အားဖြစ်စေသည့် အစာအုပ်စု၊ အသားဓာတ်များပါဝင်သော ခန္ဓာကိုယ်ကြီးထွားစေသည့် အစာအုပ်စု၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ်တို့ပါဝင်သော ရောဂါကာကွယ်စေသည့် အစာအုပ်စုတို့ကို နေ့စဉ်စားသုံးသည့်အခါတိုင်း အုပ်စုသုံးစုလုံးပါအောင် စားသုံးရန်ဖြစ်သည်။ အာဟာရမျှတစွာ ရရှိအောင် စားသုံးခြင်းသည် ငွေကုန်ကြေးကျများရန် မဟုတ်ဘဲ အစားအစာအုပ်စုများနှင့် အာဟာရဓာတ်များနှင့်စပ်လျဉ်း၍ အသိသုတရှိရန်သာ လိုအပ်သည်။
ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဆောင်ပုဒ်မှာ "Step Up for Breastfeeding, Educate and Support" “မိခင်နို့ချိုတိုက်ဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုးပညာပေးကာ၊ ယနေ့မှစအရှိန်မြှင့်ပါ” ဟူ၍ဖြစ်သည်။ မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သွေးအတွက်၊ မိခင်အတွက်နှင့် ၎င်းတို့၏ မိသားစုအတွက်ပါ အကျိုးများသည့်အလျောက် ပညာပေးရေးလုပ်ငန်းများနှင့်အတူ ကူညီပံ့ပိုးမှုများ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။