Skip to main content

မုန်တိုင်းမိုးကြောင့် ဖြစ်ပေါ်တတ်သည့် ရုတ်တရက် ရေကြီးရေလျှံမှုအန္တရာယ်

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းအများစုက အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း စသည့်ဒေသများသို့ ဝင်ရောက်သွားလေ့ရှိကြပြီး မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးရွာသွန်းလေ့ရှိသဖြင့် မိုးရေလိုနေသည့် လယ်ကွင်းများမှ တောင်သူတို့က မုန်တိုင်းမိုးကို မျှော်လေ့ရှိကြသည်။ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများတွင် မိုးရေချိန်များစွာပါလေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် ရုတ်တရက်ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန်လိုသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နှစ်ပေါင်း ၈၀ ခန့်အတွင်း မကြုံစဖူး ရွာသွန်းသောမိုးကြောင့် လူများသေဆုံး၊ ပျောက်ဆုံးမှုတို့ဖြစ်ပေါ်ခဲ့ရာ ရုတ်တရက်ရေကြီးရေလျှံမှု၏အန္တရာယ်ကို ပို၍ပင်သတိပြုဖွယ်ရာဖြစ်ပြီး မိမိတို့နေထိုင်ရာဒေသများတွင် ထိုနည်းတူဖြစ်ပေါ်လာပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်တွေးဆပြင်ဆင်ထားကြရန် လိုသည်။ မိမိတို့နိုင်ငံတွင်လည်း ကုန်းမြင့်ဒေသမြို့အချို့၌ ရေကြီးရေလျှံမှုနှင့် ထိခိုက်ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့သည်ကို သတင်းများတွင်တွေ့ရှိရပြီး သစ်ပင်သစ်တောများ ပြုန်းတီးမှု၊ သဘာဝရေစီးရေလာများပိတ်ဆို့မှု၊ မြစ်ချောင်းများတွင် လူ့ပယောဂကြောင့် မြစ်ကောချောင်းကောများ ဖြစ်ပေါ်မှုတို့ကြောင့် ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွား‌စေကြောင်း ဝေဖန်မှုများကိုလည်း တွေ့ရှိရသည်။

ရုတ်တရက်ရေကြီးရေလျှံမှုသည် ရေစီးကြောင်း၏အထက်ပိုင်းတစ်နေရာတွင် မိုးရေချိန်များစွာ ရွာသွန်းရာမှ ရေများအလုံးအရင်းဖြင့် အရှိန်ပြင်းစွာ ကျဆင်းလာခြင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း သို့မဟုတ် နာရီပိုင်းအတွင်း အနိမ့်ပိုင်းများကို ရေဖုံးလွှမ်းသွားတတ်သည်။ ထို့နောက် အချိန်တို အတွင်းမှာပင် ရေများပြန်လည်ကျဆင်းသွားတတ်သည်။ ရုတ်တရက် ရေလွှမ်းမိုးရာတွင် ရေထု ထည်ပမာဏ မည်မျှများပြားမည်ကို မခန့်မှန်းနိုင်ခြင်းကြောင့် တိမ်းရှောင်ရန် နှောင့်နှေးရာမှ ရေဘေးသင့်ကြရသည်။ ရုတ်တရက် ရေလွှမ်းမိုးမှုတွင် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ် များအနေဖြင့် မြေပြိုခြင်း၊ ကမ်းပါးပြိုကျခြင်း၊ ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်ခြင်း၊ မြို့များတွင် ရေဖုံးလွှမ်းသွားသည့်အခါ မြေအောက်ရေမြောင်းများ၊ တွင်းပေါက်၊ မြောင်းပေါက်များ၊ မြေတိုက်ခန်းများ၊ ရေတွင်းများ စသည်တို့ကို မမြင်ရတော့သည့်အတွက် ချော်ကျပြီး နစ်မြုပ်မျောပါခြင်း၊ ဓာတ်လိုက်ခြင်း၊ လမ်းမများပေါ်တွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် ရေစီးကြောင်းကိုဖြတ်သန်းရာမှမျောပါခြင်း စသည့်အန္တရာယ်များကို တွေ့ကြုံရနိုင်သည်။

ရုတ်တရက် ရေကြီးရေလျှံမှုအန္တရာယ်မှ တိမ်းရှောင်နိုင်ရန်အတွက် မိုးလေဝသ သတင်းများကို မျက်ခြည်မပြတ် နားစွင့်ရယူနေရန် လိုအပ်သည်။ မိမိဒေသအတွင်းရှိနေသည့် မြစ်များ၊ ချောင်းများနှင့် လတ်တလောရေစီးဆင်းခြင်းမရှိသည့် ချောင်းခြောက်များမှ ရေများအလုံးအရင်းဖြင့် စီးဆင်းလာနိုင်သည်ကို သတိပြုရမည်။ တောင်ပြို၊ မြေပြိုနိုင်သည့် နေရာများနှင့် ရေစီးဆင်းလာပါက ကမ်းပါးပြိုနိုင်သည့်နေရာများကို ရှောင်ရှားကာ ရေလွတ်သည့် အမြင့်ပိုင်းနေရာများတွင် ခိုလှုံရမည်။ ရေဖုံးလွှမ်းပါက အန္တရာယ် ရှိနိုင်သည့် ကျင်းချိုင့်များ၊ တွင်းများ၊ အပေါက်များ၊ ရေမြောင်းများ၊ မြေအောက်မြောင်းများကို မှတ်သားထားပြီး ရှောင်ရှားသွားလာရန်၊ ပြင်းထန်သည့်ရေစီးကြောင်းများကို ဖြတ်သန်းခြင်းမပြုရန်တို့ကို သတိပြုကြကာ အသက်ကိုဉာဏ်စောင့်သည်ဟူသော ဆိုရိုးနှင့်အညီ ဉာဏ်ပညာဗဟုသုတတို့ဖြင့် မိမိနှင့်တကွ မိမိနှင့်သက်ဆိုင်သူတို့ကိုပါ စောင့်ရှောက်သမှု ပြုနိုင်ကြပါစေကြောင်း။ ။