Skip to main content

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ဩဂုတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ မဟာမင်္ဂလာ အခမ်းအနားသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာပို့ဂါထာတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့သည် အမှတ်(၁)ကျည်းပင် စိုက်ပျိုးပူဇော်မည့် နေရာတွင်လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့သည့် အမှတ် (၂) ကျည်းပင်နေရာတွင် လည်းကောင်း၊ ကောင်စီဝင်မန်းငြိမ်းမောင်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်းနှင့် ဦးကိုကိုတို့သည် အမှတ်(၃)ကျည်းပင် နေရာတွင်လည်း အသီးသီးနေရာယူကြသည်။

ယင်းနောက် အခမ်းအနားမှူးက အခါတော်စာတမ်းကိုဖတ်ကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်(၁) ကျည်းပင်စိုက်ပျိုးမည့်နေရာတွင် ကျောက်မျက်ရတနာများ ထည့်သွင်းပူဇော်၍ မင်္ဂလာအချိန် ရောက်ရှိချိန်တွင် ကျည်းပင်ကို မင်္ဂလာဖဲကြိုးဆွဲ၍ စိုက်ပျိုးပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) ကျည်းပင်အား မြေဆီများကျွေးမွေးပြီး ရေစင်ရေသန့်များသွန်းလောင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။

တစ်ချိန်တည်းတွင် အမှတ်(၂)ကျည်းပင်ကို ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ အမှတ်(၃) ကျည်းပင်ကို ကောင်စီဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီးစိုက်ပျိုးပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်မည့်နေရာသို့ ရောက်ရှိကြပြီး မင်္ဂလာအချိန်တွင် ပိဋကတ်ကျောက်စာတော်များကို မင်္ဂလာရွှေကြိုးဆွဲ၍ စတင်တည်ထား ပူဇော်ကြသည်။

ယင်းနောက် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဦးဆောင်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပိဋကတ်ကျောက်စာတော်များကို ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် စကျင်ကျောက်တော်ကြီးများ တူးဖော်ခဲ့မှုနှင့် အဆင့်ဆင့်သယ်ယူခဲ့ရမှု အခြေအနေများ၊ စကျင်ကျောက်တော်ကြီးများကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ ထုဆစ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်ကျမ်းစာတော်များကို ဆရာတော်ကြီးများ၏ လမ်းညွှန်ဩဝါဒများ ခံယူ၍ စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေး ဆောင်ရွက်ခဲ့သည်များနှင့် ပတ်သက်၍ ပြောကြားရာတွင် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ မိမိဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးတို့၏ ဩဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လေ့လာရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှုအခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီးအား တူးဖော်၍ X-Ray ရိုက် စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ ထွက်ပေါ်လာသည့်ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်ကြည့်ရှုရာတွင် ဉာဏ်တော် ၆၅ ပေ ထွက်ရှိနိုင်သည်ကို တွက်ချက်ရရှိကာ ပလ္လင်တော် ၁၈ ပေ ထပ်မံထည့်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီး၊ ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးနှင့် ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးတို့ထံမှလည်း ဩဝါဒနာယူ၍ ဆောင်ရွက်ခဲ့ကြောင်း။

ဆင်းတုတော်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက် ပင့်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ထုထည်ပမာဏကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့်ကို မထိခိုက်စေဘဲ အစိတ်အပိုင်း ၄ ပိုင်းခွဲ၍လည်းကောင်း၊ ပလ္လင်တော်ကို အစိတ်အပိုင်း ၅ ပိုင်းခွဲ၍လည်းကောင်း အပိုင်းလိုက်ဖြတ်တောက်၍ သယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရပါကြောင်း၊ သယ်ဆောင်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီး တည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှမြောင်မြစ်အထိ တူးမြောင်းဖောက်လုပ်ကာ Barge ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ရောဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ပူဇော်ရကြောင်း၊ ဆီမီးခုံဆိပ်ကမ်းတွင် အလေးချိန်လျှော့ချခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေးရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ အခက်အခဲများကြားမှ ဆက်လက်ပင့် ဆောင်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ကျောက်တုံးတော်ကြီးများ သယ်ယူခဲ့ခြင်းသည် ရေလမ်းအရ ကမ္ဘာပေါ်တွင် အဝေးဆုံးသယ်ဆောင်ခြင်း၊ ကုန်းလမ်းအရ အဝေးဆုံးသယ်ဆောင်ခြင်း မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်မက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်ပါကြောင်း။

ကျောက်တုံးတော်ကြီးများကို အဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းထည်ထုဆစ် ပြီးစီးချိန်တွင် အချောထည်ထုဆစ်ခြင်းလုပ်ငန်းကို မြန်မာကျောက်ဆစ်ပညာရှင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ဆရာတော်ကြီးများ၏ ဩဝါဒ မိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်တော်များပေါ်၍ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များကို တည်ထားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဠိတော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူ ပူဇော်ထားရှိခြင်းဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်များအတွင်းရှိ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကိုပါ တစ်ပါတည်းလေ့လာ ကြည်ညို၍ နာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ဆဋ္ဌသင်္ဂါယနာတင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ကဲ့သို့သော သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်သည့် သာသနာ့ ဗိမာန်တော်ကြီးတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိပြီး သံဃာအပါး ၁၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း၊ မုစလိန္ဒအိုင်ကိုလည်း ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ တည်ဆောက်နေကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေချိန်အတွင်း ဘုရားကြီးတည်ထားကိုးကွယ်မှုကို ပြီးစီးအောင်ရည်မှန်းဆောင်ရွက်နေကြောင်း၊ ဘုရားကြီးတည်ထားကိုးကွယ်မှု အောင်မြင်စွာပြီးစီးရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အကြမ်းထည်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ပြီးစီးချိန်တွင် ဂေါပကဆရာတော်ကြီးများ သီတင်းသုံးနေထိုင်နိုင်ရေး ကျောင်းဆောင်တော်များကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပိဋကတ် သုံးပုံကျမ်းစာအုပ်များ နိုင်ငံတကာကျမ်းစာများကဲ့သို့ အဆင့်မီ ပုံနှိပ်ဖြန့်ချိထုတ်ဝေနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်စာတိုက်များသို့ လာရောက်ကြည်ညိုသူများ လွယ်ကူစွာ ဖက်ရှုလေ့လာနိုင်ရေး ပိဋကတ်ကျမ်းစာများကို Mobile tablet များတွင် ထည့်သွင်းထားရှိပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပိဋကတ်ကျမ်းစာများ ထည့်သွင်းထားသည့် Mobile Tablet များကို ဝယ်ယူပူဇော်လိုပါကလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ပလ္လင်တော်အကြမ်းထည် တည်ဆောက်ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒာအိုင်နှင့် ကျောက်စာရုံများ တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။