Skip to main content

အကျပ်အတည်း၊ အမှောင်နှင့် အလင်း

ယနေ့အချိန်သည် မရှောင်လွှဲနိုင်သော ကပ်ရောဂါကို နိုင်ငံသားတို့ ဝိုင်းဝန်းပူးပေါင်း ကာကွယ် တွန်းလှန်နေရသည့် ကာလဖြစ်သည်။ သဘာဝတရားက လူတို့ကို ခွဲခြားဆက်ဆံမှုမပြု။ ယခု ကိုဗစ် ၁၉ ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာသည့်အခါ ဗိုင်းရပ်စ် ကူးစက်မှုက ဆင်းရဲချမ်းသာမရွေးခဲ့။ အားလုံးတန်းတူညီမျှ အန္တရာယ်ရှိသည်ချည်းဖြစ်၏။

ယခုပင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ စာရင်းများတွင် လူမျိုးအစုံစုံ လူတန်းစား အသီးသီးကို တွေ့နေရသည်။ ကမ္ဘာကျော်ရုပ်ရှင်မင်းသား၊ နိုင်ငံရေးခေါင်းဆောင်၊ အစိုးရထိပ်ပိုင်းက တာဝန်ရှိသူ၊ နိုင်ငံတကာအဖွဲ့အစည်းကြီး၏ ထိပ်တန်းဝန်ထမ်း၊ နန်းတွင်းတော်ဝင် မိသားစုဝင် စသည်တို့မှသည် လက်လုပ်လက်စား အလုပ်သမားအထိပါဝင်၏။ အတော်ကြီးသူ၊ ငယ်သူ၊ ကျားမ မဟူ ကူးစက် နိုင်သည်ပဲဖြစ်၏။ ဗိုင်းရပ်စ်ပိုးက လူမရွေး။ ရောဂါပိုးရှိနေသူနှင့် နီးနီးစပ်စပ်နေလျှင်၊ အကာအကွယ် မရှိလျှင်၊ လက်မဆေးလျှင် မည်သူ့ကိုမဆို ကူးစက်သွားနိုင်သည်သာ ဖြစ်၏။

ထိုဗိုင်းရပ်စ်ရောဂါပိုး ပေါ်ပေါက်လာသည့်အခါ လူမှုအဖွဲ့အစည်းတွင်းက လူတို့၏ သဘာဝ၊ စိတ်နေစိတ်ထား၊ အသိပညာ၊ ကိုယ်ကျိုးစီးပွားစသည့် အထွေထွေအနေအထားပေါ်မူတည်၍ တုံ့ပြန်မှုအမျိုးမျိုးကိုလည်း တွေ့ရ၏။ ဤသည်ကလည်း လောကသဘာဝ၊ လူ့သဘာဝပဲဖြစ်၏။ အကောင်းအဆိုးဒွန်တွဲ ရှိနေတတ်သည့် လောက။

အတွေ့အကြုံများပေါ် မူတည်ကာ သဘောထားမှတ်ချက်ပေးနေသည့် နိုင်ငံတကာပညာရှင်တို့က ယခုကပ်ရောဂါသည် ကူးစက်မှုနှုန်း မြန်ဆန်သည်၊ အန္တရာယ်များသည်မှန်သော်လည်း မကြာလှသော အချိန်တွင် ကောင်းစွာထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားကြ၏။ ထို့အတွက် အပြင်းအထန်လည်း ကြိုးစား နေကြ၏။ ကုသရန်အတွက်ရော၊ ကာကွယ်ဆေးကိုရော နေ့ရောညပါ အလုပ်လုပ်နေကြ၏။ ထပ်မံ မပြန့်ပွားရေး အတွက်လည်း လူတစ်ဦးချင်းစီ၏ အမူအကျင့်မှအစ ဥပဒေစည်းမျဉ်းစည်းကမ်းတို့အထိ အားလုံးကို ထုတ်ပြန်နေ၏။ အလွယ်တကူကြီးမဟုတ်သော်လည်း တစ်ချိန်တွင် အားလုံးကိုကျော် ဖြတ်သွား နိုင်မည်ပဲဖြစ်သည်ဟု ကောင်းစွာ မျှော်လင့်ထားကြ၏။

ဗိုင်းရပ်စ်ရောဂါပိုး ဂယက်ထသည့်အခါ အချို့သောစီးပွားရေးသမားတို့က လောဘဖြင့် အကျိုးမြတ်ပိုရရန် ပြင်ဆင်ကြ၊ ရောင်းချကြသကဲ့သို့ အများအပြားသောသူတို့က ဒုက္ခရောက်နေကြသည့် လူတို့ကြားတွင် အမြတ်မယူဘဲ ရောင်းချပေးရန်၊ တတ်နိုင်သူတို့က ဝေငှအလှူလုပ်ရန် စီစဉ်နေကြ၏။ မဟုတ်မမှန် သတင်းများကို လုပ်ကြံဖန်တီးပြီး လူအများချောက်ချားအောင်၊ စိတ်ရှုပ်ထွေးအောင် ထုတ်လုပ်နေကြသူတို့ ရှိသော်လည်း အများစုက သတင်းအမှန်များကို ရှာဖွေစုဆောင်းကာ ဖြန့်ဝေလျက်ရှိကြ၏။ အချို့သူတို့က ရောဂါပြဿနာ ကြိုးစားဖြေရှင်းနေကြသူများကို အပြစ်တင်ရင်း၊ ဩဇာပေးရင်း ဒူးနှန့်နေကြသော်လည်း များစွာသောသူတို့က လက်ငင်းအနေအထားပေါ် အပြုသဘောဖြင့် ဝေဖန်အကြံပြုရင်း အားပေးရင်း တတ်နိုင်သမျှ ဝင်ရောက်ကူညီနေကြ၏။ အနိမ့်ဆုံးအားဖြင့် လက်တွေ့ဆောင်ရွက်နေကြသူများကို အားပေး ချီးကျူးနေကြ၏။ အချို့သောသူတို့က မိမိတို့ ကိုယ်ကျိုးသက်သက်ကို ရေတိုကြည့်၍ သတင်းမှန်မပေး ပုန်းရှောင်ရန်ကြိုးစားကြသော်လည်း အချို့သူတို့က ရောဂါပိုးရှိသူကို ကားမောင်းပို့မိခဲ့သောကြောင့် မိသားစု ကိုထားရစ်ကာ ယာယီထိန်းချုပ်စခန်းသို့ ကိုယ့်ကိုယ်ကိုယ် လာရောက် အပ်နှံ၍ စခန်းတွင်းသို့ ဝင်၏။ အချို့ သူတို့ကသူတို့ ဒုက္ခရောက်နေကြ သည်ကို ဝမ်းမြောက်နေကြသည့်နှယ် ရှိကြသော်လည်း အများစုကမူ လုပ်အားဖြင့်ဖြစ်စေ၊ ငွေကြေးဖြင့်ဖြစ်စေ၊ နည်းမျိုးစုံဖြင့် မည်သို့ကူညီရမည် ဆိုသည်ကို စိတ်အား ထက်သန်နေကြ၏။

အချို့ သူတို့က တာဝန်ရှောင်ရန် နည်းလမ်းစုံရှာကာ မဆိုင်သလို နေကြသူများရှိသော်လည်း တာဝန်ရှိ သည်ထက် ပိုမိုထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတို့ကလည်း အများအပြားရှိနေသည်သာ ဖြစ်ပေသည်။

လောကသဘာဝအတိုင်း ဆိုးကောင်းဒွန်တွဲနေသည်တို့ကြားမှာ ရှိနေရသည်မှန်သော်လည်း အသေအချာ စေ့ငုကြည့်လျှင် ယနေ့ မြန်မာပြည်တွင်းက ကူညီနေကြသည့် ပရဟိတသမားများ၊ ပင်ပန်းတကြီး တာဝန်ယူနေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စိတ်ဓာတ်ရေးရာအရ အားပေးနေသော ပြည်သူလူထု၊ သတင်းသမားများက သတင်းမှန်ရယူ ဖြန့်ဝေကြ၊ အနုပညာသမားများကအနုပညာဖြင့် လူထုကို ပညာပေးကြ၊ ကဗျာသမားက ကဗျာဖြင့်၊ သီချင်းသမားက သီချင်းဖြင့်၊ကာတွန်းသမားက ကာတွန်းဖြင့်၊ သံဃာတော်များက ရပ်ထဲရွာထဲလှည့်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ကြ၊ ငွေကြေးတတ်နိုင်သူများက အလှူလုပ်ရန် ဟန်တပြင်ပြင်စသည်ဖြင့် ပြည်သူလူထု၏ ပါဝင်မှုအမျိုးမျိုးက ယနေ့တွေ့ရှိနေရသည့် အခြေအနေအကျပ်အတည်းများထဲမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဆိုခြင်းကို ဖော်ပြနေသည်ဟူ၍ ယုံကြည်ပါကြောင်း။ ။